Google က Emoji များစွာကို ပေါင်းစပ် သုံးနိုင်မယ့် Emoji Kitchen ကို Gboard မှာ မိတ်ဆက်

Google က Gboard မှာ Emoji Kitchen လုပ်ဆောင်ချက် အသစ် ၁ ခုကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီလုပ်ဆောင်ချက်ဟာ Emoji များစွာကို ပေါင်းစပ် အသုံးပြုနိုင်ပါတယ်။ Emoji တွေဟာ သူငယ်ချင်း ၊ မိတ်ဆွေတွေကြားမှာ စိတ်ခံစားချက်တွေကို ဖော်ပြနိုင်သလို ပျော်စရာကောင်းတဲ့ ခံစားချက်ကိုလည်း ရရှိစေပါတယ်။ Emojis တွေကို ပေါင်းစပ် သုံးနိုင်ရင်တော့ ပိုပျော်စရာကောင်းမှာပါ။

Gboard မှာ စကားလုံး ၁ ခု ရိုက်လိုက်တဲ့ အခါမှာ ထုံးစံအတိုင်း လိုက်ဖက်တဲ့ Emoji ၁ ခုကို ပြသပေးမှာ ဖြစ်တဲ့အပြင် ပေါင်းစပ် သုံးလို့ရမယ့် တခြား Emoji ကိုလည်း အကြံပြုပေးမှာပါ။ ဥပမာအနေနဲ့ Cowboy Emoji ကို ရိုက်လိုက်ရင် သူနဲ့ ပေါင်းစပ်နိုင်မယ့် Kissing Emoji , Laughing Emoji , Heart Eyes Emoji နဲ့ Monkey Emoji တို့ကို ပြသပေးမှာပါ။

ဒီလုပ်ဆောင်ချက်ဟာ တွစ်တာက Emoji Mashup Bot နဲ့ ဆင်တူပါတယ်။ တွစ်တာ သုံးသူ Louanben ဖန်တီးထားတဲ့ Bot ဟာ မတူညီတဲ့ Emoji တွေကို ပေါင်းစပ်ပြီး ပျော်စရာကောင်းတဲ့ Emoji အဖြစ် ဖန်တီးပေးပါတယ်။ Louanben က Bot ဖန်တီးထားတဲ့ Emoji တွေကို အခမဲ့ သုံးနိုင်တဲ့ iMessage Sticker Pack အဖြစ် ပံ့ပိုးပေးထားပါသေးတယ်။

Gboard ရဲ့ အခု လုပ်ဆောင်ချက်အသစ်က တကယ်တော့ Emoji မဟုတ်ဘဲ စတစ်ကာတွေ ဖြစ်တဲ့အတွက် စာသားတွေနဲ့အတူ ထည့်သွင်းလို့ မရဘဲ စတစ်ကာတွေကို ထောက်ပံ့တဲ့ Apps တွေမှာပဲ သုံးနိုင်ပါတယ်။ ဒါ့အပြင် တချို့ Emoji တွေကိုပဲ ပေါင်းစပ်ပေးတာပါ။ ဒါပေမယ့် Emoji တွေ သုံးရတာ အရင်ကထက် ပျော်စရာ ပိုကောင်းလာမှာပါ။ အဲဒီ လုပ်ဆောင်ချက်ကို တစ်ကမ္ဘာလုံးအတွက် ဖြန့်ချိပေးနေတာ ဖြစ်တဲ့အတွက် သင့် Gboard App မှာ မရသေးရင် စိတ်ရှည်သည်းခံ စောင့်ဆိုင်းပါ။

Ref : gsmarena

%d bloggers like this: