iPhone အဟောင်းတွေကို နှေးအောင်လုပ်တဲ့အတွက် ပြင်သစ်က Apple ကို ယူရို ၂၅ သန်း ဒဏ်ရိုက်

Apple ဟာ iPhone အသစ်ထွက်ရင် အဟောင်းတွေကို နှေးသွားအောင်လုပ်တယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာ ကြာပါပြီ။ ပြီးခဲ့တဲ့နှစ်အနည်းငယ်က Apple ဟာ ဖုန်းအဟောင်းတွေကို နှေးအောင်လုပ်တာ မှန်ကန်ပေမယ့် ကောင်းကျိုးအတွက် လုပ်တာလို့ အတည်ပြုခဲ့ပါတယ်။ အခုတော့ ပြင်သစ် တရားရုံးက iOS 10.2.1 နဲ့ 11.2 တို့ကို အင်စတောလုပ်ရင် ဖုန်းနှေးသွားမယ်ဆိုတာ သုံးစွဲသူတွေကို အသိမပေးခဲ့တဲ့အတွက် Apple ကို ယူရို ၂၅ သန်း ဒဏ်ရိုက်လိုက်ပါတယ်။

ဖုန်း နှေးသွားတဲ့ ပိုင်ရှင်တွေဟာ iPhone အသစ် ဝယ်တာ ဒါမှမဟုတ် ဘက်ထရီ လဲတာကို ပြုလုပ်ခဲ့ရပြီး Software ကို Downgrade လုပ်လို့ မရခဲ့ပါဘူး။ Apple က ဘက်ထရီတွေဟာ သက်တမ်း ကြာလာတာနဲ့အမျှ စွမ်းဆောင်ရည်ကျဆင်းလာတဲ့အတွက် iPhone အဟောင်းတွေကို နှေးအောင်လုပ်လိုက်တာလို့ ဖြေရှင်းခဲ့ပါတယ်။ နှေးအောင်လုပ်လိုက်တဲ့အတွက် ဘက်ထရီကြောင့် iPhone ဟာ အလိုလို မပိတ်သွားတော့ဘူးလို့ Apple က ပြောခဲ့ပါတယ်။

Apple က ဒီလိုနှေးအောင်လုပ်လိုက်တာကို သုံးစွဲသူတွေအား ကြိုတင် အသိမပေးခဲ့ပါဘူး။ အဲဒီအတွက် နိုင်ငံများစွာက သုံးစွဲသူ ကာကွယ်ရေး အဖွဲ့အစည်းက Apple ကို စုံစမ်း စစ်ဆေးခဲ့ကြတာဖြစ်ပါတယ်။ ဒီကိစ္စကြောင့်ပဲ Apple ဟာ iPhone 6 နဲ့ iPhone 6S အပါအဝင် iPhone အဟောင်းတွေအတွက် ဘက်ထရီ လဲလှယ်ခကို အမေရိကန်မှာ ၇၉ ဒေါ်လာကနေ ၂၉ ဒေါ်လာအထိ လျှော့ချပေးခဲ့ရပါတယ်။ လက်ရှိမှာလည်း Apple က iPhone အဟောင်းတွေကို နှေးအောင်လုပ်ထားပေမယ့် သုံးစွဲသူတွေ မနှစ်သက်ရင် Settings ထဲမှာ ဒီလုပ်ဆောင်ချက်ကို ပိတ်ထားနိုင်မယ့် Option ကို ပံ့ပိုးပေးထားပါတယ်။

Ref : gsmarena

%d bloggers like this: