တရုတ်က စတိုးအားလုံးကို ပိတ်လိုက်တဲ့ Apple

တရုတ်မှာ ကိုရိုနာဗိုင်းရက်စက် ကူးစက်နေမှုကြောင့် Apple ရဲ့ ကုန်ပစ္စည်းထုတ်လုပ်မှုကို ထိခိုက်စေနိုင်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းထွက်ခဲ့ပါတယ်။ iPhone 9 or SE 2 နဲ့ AirPods တွေ ထုတ်လုပ်မှု နှောင့်နှေးသွားနိုင်ပါတယ်။ ရောဂါပိုး စတင် ပျံ့နှံ့ခဲ့တဲ့ Hubei ပြည်နယ်နဲ့ အိမ်နီးချင်းတွေ ဖြစ်တဲ့ Henan နဲ့ Guangdong ပြည်နယ်တွေမှာ Apple ရဲ့ ကုန်ပစ္စည်းတွေကို အဓိက ထုတ်လုပ်နေတာပါ။ အဲဒီသတင်းထွက်လာပြီး နောက်ရက်မှာပဲ Apple iPhone တွေအတွက် အစိတ်အပိုင်း ထုတ်လုပ်ပေးနေတဲ့ အဓိက ကုမ္ပဏီ ၁ ခုဖြစ်တဲ့ Foxconn က ကိုရိုနာဗိုင်းရက်စ်ကြောင့် iPhone ထုတ်လုပ်မှု မထိခိုက်ဘူးလို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အခုတော့ Apple ဟာ တရုတ်က ဝန်ထမ်းတွေ ကိုရိုနာ ဗိုင်းရက်စ် မကူးစက်အောင် ကာကွယ်တဲ့ အနေနဲ့ ဒီလ ၉ ရက်နေ့အထိ တရုတ်က မြေပြင်စတိုး၊ ရုံးနဲ့ Contact Centers အားလုံးကို ပိတ်ထားမယ်လို့ ကြေညာလိုက်ပါတယ်။ အွန်လိုင်းစတိုးကိုတော့ ဖွင့်လှစ်ပေးထားမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ အကြီးဆုံး ဈေးကွက်ကြီး ဖြစ်တဲ့ တရုတ်မှာ ကိုရိုနာ ဗိုင်းရက်စ် ကူးစက်မှုကြောင့် နည်းပညာ နယ်ပယ် အပါအဝင် ကုမ္ပဏီများစွာ ထိခိုက်နစ်နာနေကြပါတယ်။ Google ကလည်း သူ့ရုံးခန်းတွေကို ပိတ်လိုက်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့ပြီး Facebook ကလည်း သူ့ ဝန်ထမ်းတွေကို တရုတ် မသွားဖို့ ညွှန်ကြားထားပါတယ်။

Ref : gsmarena

%d bloggers like this: