ပေးရတဲ့စျေးထက် ပိုတန်တဲ့ ခံစားမှုမျိုး ပေးစွမ်းနိုင်မယ့် ASUS VivoBook A412/A512

Ultrabook တလုံးလို ပေါ့ပေါ့ပါးပါးနဲ့ စွမ်းဆောင်ရည်ကောင်းတဲ့ Laptop တလုံးကို စျေးနှုန်းသက်သက်သာသာနဲ့ ရမယ်ဆိုရင် စိတ်ဝင်စားကြလား။ ဒီဇိုင်း ခေတ်မီဆန်းသစ်သလို၊ နောက်ဆုံးပေါ် နည်းပညာတွေ ပါဝင်တဲ့ တန်ဖိုးနည်း Notebook တလုံးပါ။ ဒါကိုမှ မြန်မာငွေ ကျပ် ၇ သိန်းလောက်ပဲ ပေးရမှာ ဖြစ်ပါတယ်။ ASUS ရဲ့ နောက်ဆုံးပေါ် VivoBook A412 နဲ့ A512 မော်ဒယ်တွေ ဖြစ်ပါတယ်။ မျက်နှာပြင် ၁၄ လက်မနဲ့ ၁၅ လက်မ ဆိုပြီး မော်ဒယ်နှစ်မျိုး ရွေးချယ်နိုင်ပါတယ်။ 

ကမ္ဘာ့အသေးဆုံး ၁၄ လက်မ နဲ့ ၁၅ လက်မ Notebook

ကျစ်ကျစ်လျစ်လျစ် Ultrabook တလုံး ကိုင်ဖို့ အနည်းဆုံး ငွေ ၁၀ သိန်းလောက် သုံးနေရတဲ့ အချိန်မှာ ASUS က ဒေါ်လာ ၄၅၀ (ကျပ် ၇ သိန်းဝန်းကျင်) လောက်နဲ့ တန်ဖိုးနည်း Ultrabook တလုံး ထုတ်ပြလိုက်ပါတယ်။ (Intel ကတော့ သူ့သတ်မှတ်ချက်နဲ့ ညီ၊ သူ့  CPU ပါမှ “Ultrabook” စာရင်း ဝင်တယ်ဆိုပေမယ့် ကျနော်ကတော့ ဒီ Laptop တွေကို “Ultrabook” လို့ပဲ လွယ်လွယ် သုံးသွားပါမယ်။ တကယ်တမ်းလည်း သူ့အထူက Ultrabook သတ်မှတ်ချက်နဲ့အညီ ၀.၈ လက်မ မပြည့်ပါဘူး။) 

စျေးကွက်ထဲမှာ ဒီစျေးဝန်းကျင်နဲ့ဆို  ဘော်ဒီထူတဲ့ Laptop တွေပဲ များတာကြောင့် အခု VivoBook ကို မြင်ရင် ဘယ်သူမှ ၆ သိန်းကျော် စျေးလို့ ထင်မိမှာ မဟုတ်ပါဘူး။ ဖွင့်ကြည့်လိုက်ရင်လည်း လုံးဝ ခေတ်မီတဲ့ NanoEdge ဘောင်မဲ့ မျက်နှာပြင်ဒီဇိုင်း၊ သေသပ်လှပတဲ့ ကီးဘုတ်တွေနဲ့ဆိုတော့ တန်ဖိုးကြီး Ultrabook တလုံးအလား ထင်မှတ်မှားစရာပါ။ ဒါတင်မက Windows Hello စနစ်ရတဲ့ လက်ဗွေရာဆန်ဆာလည်း ပါသေးတော့ ဒီဇိုင်းကော Features ကော လုံးဝ ခေတ်မီပါတယ်။

ဒီဇိုင်းကတော့ ASUS Laptop တွေ ထုံးစံအတိုင်း လှလှပပ၊ ကြော့ကြော့ရှင်းရှင်းပါပဲ။ သူ့ထက် စျေးမြင့်တဲ့ မော်ဒယ်တွေမှာ သုံးထားတဲ့ ErgoLift မျက်နှာပြင်ဒေါက် ဒီဇိုင်းကိုလည်း အခု တန်ဖိုးနည်း VivoBook မှာ သုံးပေးထားပါတယ်။ တခြား တန်ဖိုးတူ Laptop တွေနဲ့ ယှဉ်ထားရင် ErgoLift ဒီဇိုင်းက လုံးဝ ထူးခြားကွဲထွက်နေမှာပါ။

တန်ဖိုးနည်းဖြစ်တာကြောင့် Laptop ကိုယ်ထည်က ပလတ်စတစ်ဆန်နေတာလေး တခုပဲ ပြောစရာ ရှိပါတယ်။ ဒါပေမယ့် သမားရိုးကျ အရောင်မှိုင်းမှိုင်း မလုပ်ဘဲ အပြာရောင်၊ အဖြူရောင်၊ မီးခိုးရောင်၊ အနီရောင် ဆိုပြီး သစ်လွင်လှပအောင် အရောင်စုံ ထုတ်ပေးထားတာကတော့ စွဲမက်စရာပါ။

အထူ ၁၉.၉ မီလီမီတာနဲ့ အလေးချိန် ၁.၆ ကီလိုဂရမ်ပဲ ရှိတာကြောင့် ဘယ်သွားသွား အိတ်ထဲတောင် ထည့်စရာမလိုဘဲ လက်ထဲမှာပဲ ပေါ့ပေါ့ပါးပါး ကိုင်သွားနိုင်ပါတယ်။ အထူးသဖြင့် ရုံးသွားရုံးပြန် Laptop သယ်သွားရတဲ့သူတွေ လုံးဝ သဘောကျမယ်လို့ အာမခံပါတယ်။ 

နစ်မျောခံစားနိုင်မယ့် NanoEdge ဘောင်မဲ့ မျက်နှာပြင်

အမြင်တွေကို ဘောင်ခတ်မထားဘဲ လွတ်လပ်စွာ နစ်မျောခံစားနိုင်ဖို့အတွက် VivoBook 14 နဲ့ 15 မှာ ASUS ရဲ့ အထင်ကရ NanoEdge ဘောင်မဲ့မျက်နှာပြင်ဒီဇိုင်းကို အသုံးပြုပေးထားပါတယ်။ လေးဖက်လေးတန် မျက်နှာပြင်ဘောင်တွေက ၅.၇ မီလီမီတာပဲ ရှိတာကြောင့် သတိတောင်ထားမိမှာ မဟုတ်ပါဘူး။ စခရင်နဲ့ ကိုယ်ထည်အချိုးအစား ၈၈ ရာခိုင်နှုန်းရှိတယ်လို့ ASUS က ဆိုပါတယ်။ တန်ဖိုးနည်း Laptop တလုံးအနေနဲ့ အားရစရာအချက်တခုပါ။

သဘောအကျဆုံးကတော့ ၁၄ လက်မ နဲ့ ၁၅.၆ လက်မ မော်ဒယ်နှစ်ခုလုံးမှာ Full HD Display ထည့်ပေးထားတာပါ။ ဒီစျေးနဲ့ Full HD Display ရဖို့က ရှားတယ်လို့ ဆိုရမှာပါ။ 

ကောင်းမွန်တဲ့ စွမ်းဆောင်ရည်

ပြောခဲ့သလို အခု ASUS VivoBook A412 နဲ့ A512 မော်ဒယ်တွေက AMD Ryzen Processors တွေနဲ့ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်မြင့် Ryzen R5-3500 U, Radeon Vege 8 Graphics, 8GB DDR4 RAM နဲ့ 512GB PCIe SSD တွေနဲ့ပါ။ သာမန် HDD တွေထက် ပိုမိုသွက်လက်မြန်ဆန်တဲ့ SSD ကို ၆ သိန်းကျော် Laptop မှာ တွေ့ရဖို့ကလည်း ခဲယဉ်းပါတယ်။

သီးသန့် Graphics Card မပါဝင်တာကြောင့် Gaming Laptop တလုံးအနေနဲ့တော့ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် လိုအပ်ချက် သိပ်မမြင့်တဲ့ Dota 2, CS:GO စတဲ့ Esports ဂိမ်းတွေကိုတော့ Medium Settings မှာ 30-40 fps ဝန်းကျင်လောက်နဲ့ ဆော့ကစားနိုင်ပါတယ်။ 60fps လောက်နဲ့ ပိုချောချောမွေ့မွေ့ကစားချင်ရင်တော့ Low Settings ပဲ ထားဆော့သင့်ပါတယ်။ 

အမြင်ဆန်းတဲ့ ကီးဘုတ်

ဒီ Laptop မှာ ထူးခြားချက်တခုက ကီးဘုတ်ပါ။ အမြင်ဆန်းတဲ့ ကီးအဝိုင်းလေးတွေ သုံးထားပြီး၊ ဘော်ဒီသေးပေမယ့် ကီးအထားအသိုလည်း ပြွတ်ကျပ်မနေပါဘူး။ NumPad ကီးတွေတောင် အပြည့် ပါဝင်ပါသေးတယ်။ ကီးဘုတ်အောက်ခံမီးက ထင်သလောက် လင်းအားမကောင်းတာပဲ နည်းနည်း ဘဝင်မကျစရာ ရှိပါတယ်။ 

တန်ဖိုးနည်း Laptop ဆိုပေမယ့် ကီးတွေက ချောင်ချိနေတာမျိုး မရှိဘဲ တောင့်တောင့်တင်းတင်း ရှိပါတယ်။ သူ့ ErgoLift ဒေါက်ဒီဇိုင်းကြောင့် စာရိုက်ရတာ တကယ် သက်တောင့်သက်သာ ရှိပါတယ်။ 

ကြာရှည်အသုံးခံတဲ့ ဘက်ထရီ

အရည်အသွေးမြင့် 2-Cell 37Wh လီသီယမ်-ပိုလီမာ ဘက်ထရီနဲ့ပါ။ ၄၉ မိနစ်အတွင်း ဘက်ထရီအား ၆၀ ရာခိုင်နှုန်းအထိ သွင်းပေးနိုင်တဲ့ Fast Charging လည်း ပါဝင်ပါတယ်။ 

Connectivity & Features 

ပါးပါးလျလျ Ultrabook တလုံး ဆိုပေမယ့် အခု VivoBook တွေမှာ အဓိက Ports အစုံအလင် ပါဝင်ပါတယ်။ USB 3.0 တပေါက်၊ 2.0 နှစ်ပေါက် အပြင် Type C တပေါက် လည်း ပါဝင်ပါသေးတယ်။ HDMI ၊ 3.5mm ဂျက်ပင်ပေါက်တွေလည်း အကုန်ပါမှာပါ။ ကင်မရာသမားတွေအတွက် microSD Card Reader အပေါက်လည်း ထည့်ပေးထားပါသေးတယ်။ 

ပြီးတော့ Touchpad မှာ Windows Hello စနစ် အသုံးပြုနိုင်တဲ့ လက်ဗွေရာဆန်ဆာလည်း တပါတည်း ထည့်ပေးထားပါတယ်။ ကွန်ပျူတာ သုံးတဲ့အခါ Password တွေ PIN တွေ ရိုက်နေစရာမလိုဘဲ လက်လေးတင်လိုက်ရုံနဲ့ မြန်မြန်ဆန်ဆန် ပွင့်သွားမှာပါ။ လုံခြုံရေးလည်း ပိုစိတ်ချရပါလိမ့်မယ်။ 

သုံးသပ်ချက်

ASUS VivoBook A412 (14″) နဲ့ A512 (15.6″) တို့ဟာ ၆ သိန်း ဝန်းကျင် Laptop တွေထဲမှာ အကောင်းဆုံး Laptop တွေဆိုတာ ငြင်းစရာ မရှိပါဘူး။ ဒီစျေးနဲ့ ဒီလို ခေတ်မီလှပတဲ့ Ultrabook ဆန်ဆန် ပေါ့ပေါ့ပါးပါး Laptop တလုံး ရဖို့က ခဲယဉ်းပါတယ်။ ကိုယ်က အရမ်းမြင့်တဲ့ Program တွေ မသုံးဘဲ သာမန် ရုံးသုံး၊ကျောင်းသုံးနဲ့ ရုပ်ရှင်ကြည့်၊ အပန်းဖြေလောက်ပဲ သုံးမယ်ဆိုရင်တော့ လုံးဝ အဆင်ပြေပါလိမ့်မယ်။ ဂိမ်းဆော့ချင်တယ်ဆိုလည်း ပေါ့ပေါ့ပါးပါး ဂိမ်းတွေလောက်တော့ အေးဆေးနိုင်ပါတယ်။ 

သေချာတာတခုကတော့ ဘယ်သူမှ တန်ဖိုးနည်း Laptop လို့ ထင်မှာ မဟုတ်ပါဘူး။ တကယ့် တန်ဖိုးကြီး Laptop လို မြင်သူတကာ ငေးမောမိမှာပါ။ လက်ဗွေရာဆန်ဆာလေးကလည်း ပါသေးတော့ လုပ်ဖော်ကိုင်ဖက်၊ ဘော်ဒါအပေါင်းအသင်းတွေကြားထဲ အထာကျကျ သုံးနိုင်ဦးမှာ ဖြစ်ပါတယ်။ ၇ သိန်းဝန်းကျင်လောက်နဲ့ Laptop ကောင်းကောင်းတလုံး ရှာနေတယ်ဆိုရင် ASUS VivoBook A412 နဲ့ A512 ကို မမေ့မလျော့ ထည့်သွင်းစဉ်းစားသင့်ကြောင်း အကြံပေးချင်ပါတယ်။ 

 

%d bloggers like this: