Sony က စမတ်ဖုန်းကင်မရာဆင်ဆာတွေကို မြန်မြန်ဆန်ဆန် မထုတ်ပေးနိုင်သေး

Bloomberg သတင်းတစ်ပုဒ်အရ Sony အနေနဲ့ ခေတ်ကာလအလိုက် တောင်းဆိုမှုများလာတဲ့ ပုံရိပ်ဆင်ဆာတွေကို ထုတ်လုပ်နိုင်ဖို့အတွက် အခက်အခဲကြုံနေပါတယ်။ စမတ်ဖုန်းရောင်းချရမှုဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း အဆမတန်တိုးပွားလာပေမယ့် ဖုန်းတွေမှာပါဝင်တဲ့ ကင်မရာတွေရဲ့ အရေအတွက်နဲ့ အရည်အသွေးမှီအောင် ထုတ်လုပ်ဖို့ အခက်အခဲတွေရှိလာတာပါ။

လက်ရှိ Sony ဟာ စျေးကွက်ဝေစု ၅၀ ရာခိုင်နှုန်းနဲ့ ကမ္ဘာ့အကြီးဆုံး ဆင်ဆာထုတ်လုပ်သူအဖြစ် ရပ်တည်နေပြီး၊ မော်ဒန် iPhone တွေမှာ ထည့်သွင်းထားတဲ့ ကင်မရာဆင်ဆာအားလုံးကိုလည်း ထုတ်လုပ်ပေးနေတာပါ။ ဒါကြောင့်ကုမ္ပဏီအနေနဲ့ Apple ရဲ့ iPhone 11 Pro တစ်လုံးရောင်းတိုင်း 12-megapixel ရှိတဲ့ ကင်မရာလေးလုံးရောင်းရတဲ့ သဘောဖြစ်နေတာပါ။

ဒီလိုစျေးကွက်တောင်းဆိုမှုများပြားတာကြောင့် တောင်းဆိုတဲ့အရေအတွက်ကိုမှီအောင် Sony ရဲ့ Chip ထုတ်လုပ်တဲ့ စက်ရုံတွေဟာ အားလပ်ရက်မရှိ ၂၄နာရီအလုပ်လုပ် နေရတာပါ။ Sony ဟာ ထုတ်လုပ်နိုင်တဲ့အရေအတွက်ကိုမြှင့်တင်နိုင်ဖို့အတွက် ငွေကြေးမြောက်များစွာအသုံးပြုပြီး လာမယ့် ၂၀၂၁ ခုနှစ်မှာ စက်ရုံသစ်တွေကို တည်ဆောက်ဖို့လည်း ရှိနေတာပါ။

ဒါပေမယ့် Semiconductor Solutions Group အကြီးအကဲဖြစ်သူ Terushi Shimizu က ဒီလို စက်ရုံတွေကိုတိုးမြှင့်တည်ဆောက်တာက လက်ရှိအခြေအနေကို ပြေလည်သွားဖို့မရှိသေးကြောင်း သတိပေးထားပါတယ်။ “ဒီလိုရင်းနှီးမြုတ်နှံမှုတွေ၊ ထုတ်လုပ်မှုတွေကိုတိုးချဲ့နေပေမယ့် ဖြစ်နေတဲ့အနေအထားတွေအရ လက်ရှိမှာ လုံလောက်မှုမရှိသေးပါဘူး။ ဒီလိုလုံလုံလောက်လောက်မထုတ်ပေးနိုင်တဲ့အပေါ် Customer တွေကို ကျွန်တော်တို့ တောင်းပန်သွားမှာပါ” လို့ပြောခဲ့တာပါ။

Ref: Engadget

%d bloggers like this: