နှစ်သစ်မှာ Laptop အသစ်လေး တလုံးလောက် ဝယ်ဖို့ စိတ်ကူးနေသူတွေအတွက် ပြည်တွင်းစျေးကွက်ထဲကို နောက်ဆုံးဝင်ရောက်လာတဲ့ ASUS ZenBook တလုံးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လက်ရှိ ဒါမှမဟုတ် အရင်က ZenBook ကိုင်ဖူးတယ်ဆိုရင် ZenBook စီးရီးဘာကြောင့် နာမည်ကြီးလဲဆိုတာ သိပြီး ဖြစ်ကြမှာပါ။ Laptop စျေးကွက်ထဲမှာ ဘော်ဒီ အပါးဆုံး၊ အပေ့ါဆုံးနဲ့ ဒီဇိုင်းအလှဆုံး Ultrabook တွေလို့ ပြောနိုင်ပါတယ်။
အခု ကျနော်တို့ မိတ်ဆက်ပေးမယ့် မော်ဒယ်က ZenBook 14 UM431 ပါ။ စျေးနှုန်း ဒေါ်လာ ၈၀၀ ဝန်းကျင်လောက်ပဲ ရှိပေမယ့် မသိရင် တကယ့်တန်ဖိုးကြီး ပရီမီယမ် Laptop တလုံးလို့ ထင်စရာပါ။ ဘာလို့လဲ ကြည့်လိုက်ရအောင်။
Design and Build Quality
၂၀၁၉ ခုနှစ်ဟာ Laptop စျေးကွက်မှာ တိုးတက်ပြောင်းလဲမှုအရှိဆုံး နှစ်လို့ ဆိုနိုင်ပါတယ်။ Laptop Showroom တခုသွားရင် အရင်လို ပလတ်စတစ်ဘော်ဒီ ထူထူထဲထဲနဲ့ ပုံဆိုးပန်းဆိုး Specs ဒိတ်အောက်နေတဲ့ Laptop တွေကို သိပ်မတွေ့ရတော့ပါဘူး။ Laptop အားလုံးလိုလို နောက်ဆုံးပေါ် Specs ကိုယ်စီနဲ့ ဖြစ်လာပြီး၊ လှတပတလေးတွေ ဖြစ်လာတာ တွေ့ရပါတယ်။
အခု ZenBook 14 ဆိုရင်လည်း စျေးနှုန်းသာ မကပ်ထားဘူးဆိုရင် ဒေါ်လာ ၈၀၀ တန်မှန်း ရိပ်မိမှာတောင် မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဝယ်ထားတဲ့ ဒေါ်လာထောင်ကျော် ကျနော့ Laptop ထက် ဆယ်ဆမက ပိုလှ၊ ပိုအရည်အသွေး ကောင်းပါတယ်။
အရင်ဆုံး ချီးကျူးချင်တာက ဘော်ဒီပါ။ တချို့ တန်ဖိုးသင့် Laptop/Ultrabook တွေလို Lid လောက်ပဲ Metal နဲ့ လုပ်ပြီး အောက်ဘော်ဒီကို Plastic Alloy သုံးထားတာမျိုး မဟုတ်ပါဘူး။ ကိုယ်ထည်တခုလုံးက လုံးဝ Metal Unibody ဖြစ်ပါတယ်။ အခုလို အေးတဲ့ရာသီမှာဆို Laptop ပေါ် လက်တင်လိုက်တာနဲ့ အေးမြတဲ့ အရသာကို ခံစားနိုင်ပါတယ်။
14-inch မော်ဒယ်ဆိုပေမယ့် သူ့ဘော်ဒီက တခြား 13-inch Laptop တွေလောက်ပဲ ရှိပါတယ်။ အရင် ZenBook 14 ထက် ၆ ရာခိုင်နှုန်းလောက် ပိုသေးသွားတယ်လို့ ASUS က ပြောထားပါတယ်။ အထူကလည်း ၁၅.၉ မီလီမီတာပဲ ရှိပါတယ်။ 13-inch MacBook Pro နဲ့ အတူတူလောက်ပါပဲ။ တကယ့်ကို ပါးပါးလျလျ လေးပါ။
ပြီးတော့ အလေးချိန်ကလည်း ၁.၃၉ ကီလိုဂရမ်ပဲ ရှိတာကြောင့် သွားလေရာကို ပေါ့ပေါ့ပါးပါး သယ်သွားနိုင်မှာပါ။ ဟိုနားဒီနားဆို ကျောပိုးအိတ်ထဲတောင် ထည့်စရာမလိုဘဲ ASUS က ထည့်ပေးထားတဲ့ အိတ်အစွပ်လေးနဲ့ လက်ကနေ သာသာယာယာ ကိုင်သွားနိုင်ပါတယ်။
အော် ပြီးတော့ စစ်ဘက်ဆိုင်ရာသုံး MIL-STD-810G အကြမ်းခံစံနှုန်းနဲ့ အညီ စမ်းသပ်ထုတ်လုပ်ထားတဲ့ Laptop ဖြစ်တာကြောင့် မတော်တဆ ထိခိုက်ပြုတ်ကျတာလောက်တော့ မှုစရာ လိုမှာ မဟုတ်ပါဘူး။
ASUS ရဲ့ အထင်ကရ ErgoLift Design
ErgoLift Design ဆိုတာ ASUS ရဲ့ Trademark ဖြစ်ပါတယ်။ တခြား ဘယ် Laptop မှာမှ မတွေ့ရသေးပါဘူး။ ဘာထူးခြားလဲဆိုတော့ Display နဲ့ Keyboard Body ကို ဆက်ထားတဲ့ Hinge က ထူးခြားတာ ဖြစ်ပါတယ်။ အဖုံးဖွင့်လိုက်တာနဲ့ Display ဒေါက်က ကီးဘုတ်ကိုယ်ထည်ကို အပေါ်ပင့်တင်ပေးထားမှာပါ။ ဒီအနေအထားက စာရိုက်လို့ ပိုအဆင်ပြေစေသလို Laptop အောက်မှာလည်း လေဝင်လေထွက်ပိုကောင်းစေပါတယ်။
ဒါတွေတင်လားဆိုတော့ မဟုတ်ပါဘူး။ အစည်းအဝေးမှာ ဖြစ်ဖြစ် ဒါမှမဟုတ် ဘော်ဒါတွေကြားမှာပဲ ဖြစ်ဖြစ် Laptop သုံးကြတဲ့အခါ ကိုယ့် Laptop က အားလုံးထဲက ကွဲထွက်နေမှာ ဖြစ်ပါတယ်။ ပေါ်တင်မပြောရင်တောင် စိတ်ထဲမှာတော့ လှလိုက်တာလို့ ရေရွတ်မိကြမှာ အသေအချာပါပဲ။
ကြီးမားကျယ်ပြန်တဲ့ 14-inch Full HD Display
ZenBook 14 ရဲ့ နောက်ထပ် ဆွဲဆောင်မှုတခုက Display ပါ။ 14-inch LED-backlit FullHD Display က ထင်ထားတာထက်ကို ပိုကောင်းတာ တွေ့ရပါတယ်။ မျက်နှာပြင်ဘေးဘောင်တွေ ပါသေးတယ်ဆိုပေမယ့် သိပ်မပြောပလောက်တာကြောင့် Immersive ဖြစ်ပါသေးတယ်။ အရောင်ထွက်တွေ စိုပြေမှန်ကန်တာကတော့ ကျနော် အကြိုက်ဆုံးအချက်ပါ။
Viewing Angle ကို ၇၈ ဒီဂရီအထိ တိမ်းစောင်းကြည့်နိုင်တာကြောင့် မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ ရုပ်ရှင်အတူတူ ကြည့်တဲ့အခါမှာလည်း ဘေးစွန်ရောက်နေလို့ ကွာလတီကျသွားတာ၊ မှောင်သွားတာမျိုး ကြုံရမှာ မဟုတ်ပါဘူး။ sRGB Color Range ကို 100 Percent ထုတ်ပေးနိုင်တယ်လို့ ASUS က အာမခံထားတာကြောင့် အရောင်နဲ့ အဓိကအလုပ်လုပ်နေတဲ့ Creators တွေလည်း သဘောကျမှာပါ။
Ultrabook တလုံးရဲ့ မယုံနိုင်စရာ စွမ်းဆောင်ရည်
Performance အရင်က Ultrabook တွေ သိပ်ခေတ်မစားတဲ့ အကြောင်းရင်းတခုက Ultrabook အများစုဟာ သာမန် Laptop တွေနဲ့ စွမ်းဆောင်ရည် ကွာလို့ပါ။ သေးသေးကွေးကွေးကိုယ်ထည်ကြောင့် CPU ကအစ ဘက်ထရီအဆုံး ရင်းလိုက်ရတာတွေ များပါတယ်။ စျေးချိုတဲ့ Ultrabook ဆိုရင် m စီးရီး ဒါမှမဟုတ် y စီးရီး CPU လောက်တွေပဲ ပါတတ်ပါတယ်။
အခုတော့ Mobile Chips တွေ ပိုကောင်းလာတာကြောင့် Ultrabook တွေလည်း ရင်ဘောင်တန်းလာနိုင်ပါပြီ။ အခု ZenBook 14 မှာ ထူးခြားချက်တခုက AMD Processor သုံးထားတာပါ။ 2.3GHz 8 cores Ryzen 7 3700U ၊ Vega 8 Integrated Graphics ၊ 8GB DDR4 RAM , 512GB NVMe SSD နဲ့ တွဲပေးထားတာ ဖြစ်ပါတယ်။ အလုပ်လုပ်၊ အင်တာနက်သုံး၊ ရုပ်ရှင်ဗီဒီယိုကြည့် စတဲ့ နေ့စဉ် ပုံမှန်အသုံးပြုမှုတွေမှာ မြန်ဆန်သွက်လက်တဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ပါတယ်။ သာမန် Video Editing နဲ့ Rendering တွေလည်း အထစ်အငေါ့မရှိ လုပ်ဆောင်နိုင်ပါတယ်။
ပြီးတော့ သူ့ Integrated GPU က တော်တော် Powerful ဖြစ်တာကြောင့် Dota 2 ၊ CS:GO လို Esports Titles တွေမှာ စိတ်ကျေနပ်လောက်စရာ Graphics Quality နဲ့ အေးဆေးဆော့နိုင်ပါတယ်။ Requirements မြင့်တဲ့ PC Game ကြီးတွေဆိုရင်တော့ သိပ်အဆင်ပြေမှာ မဟုတ်ပါဘူး။
Laptop သေးပေမယ့် Cooling မှာလည်း ထိခိုက်မှုမရှိတာကလည်း ASUS ကို အထင်ကြီးစရာ အချက်တခုပါ။ Load များလို့ အပူတွေ အရမ်းတက်လာမျိုး မရှိပါဘူး။
ကိုယ်က ဂိမ်းကို အပျော်လောက်ပဲ ဆော့ပြီး၊ အဓိက အလုပ်လုပ်ဖို့ Portable ဖြစ်ဖို့ပဲ လိုတယ်ဆိုရင်တော့ ဒီ Laptop က လုံးဝ ကွက်တိဖြစ်မှာပါ။ ErgoLift ဒီဇိုင်းက ASUS ပြောတဲ့အတိုင်း Cooling အတွက် တော်တော်ကောင်းတာ တွေ့လိုက်ရပါတယ်။
ဂိမ်းဆော့ဖို့ ရည်ရွယ်ချက် သီးသန့်နဲ့ ဆိုရင်တော့ ဒီမော်ဒယ်အစား ASUS TUF နဲ့ စျေးသက်သာတဲ့ ROG မော်ဒယ်တွေက ပိုသင့်တော်ပါလိမ့်မယ်။
Harman/Kardon Speakers
Laptop ဘော်ဒီရဲ့ ကီးဘုတ်ဘေးမှာ မြင်ရတဲ့ ဇကာကွက်အပေါက်လေးတွေက Speaker Grills ပါ။ Bass စပီကာ ၂ ခုနဲ့ High Frequency စပီကာ ၂ ခု ပါဝင်ပါတယ်။
အသံထွက်စနစ်ကို နာမည်ကြီး Audio Company Hardman/Kardon က ပညာရှင်တွေကိုယ်တိုင် ချိန်ညှိပေးထားတာကြောင့် အသံအရည်အသွေးကတော့ Amazing ပါ။ အကောင်သေးသလောက် အသံကတော့ တကယ်ကျယ်ပါတယ်။ အသံကျယ်ပေမယ့် Distort မဖြစ်သွားဘဲ ကြည်လင်ပြတ်သားမှု ရှိတာကတော့ ချီးကျူးစရာပါ။ ကျနော်ကတော့ Speakers ကို အခုလို Laptop အပေါ်ဘက်မှာ Upward-facing ထည့်ထားတာ သဘောကျနေပါတယ်။
Keyboard and Touchpad
ကျနော့်လို External Keyboard တပ်မသုံးဖြစ်တဲ့လူတွေအတွက် Laptop Keyboard က တော်တော်လေး အရေးကြီးပါတယ်။ အမှန်အတိုင်းပြောရရင် Gaming မဟုတ်တဲ့ Laptop အများစုရဲ့ ကီးဘုတ်တွေကို ကျနော် လုံးဝ သဘောမကျပါဘူး။ စာရိုက်ရတာကအစ ကျစ်ကျစ်လျစ်လျစ် ခံစားမှုမျိုး မပေးနိုင်ဘဲ အပေါစား ဆန်လေ့ ရှိပါတယ်။ ပြီးတော့ ပျက်တာလည်း မြန်ပါတယ်။ ဒါပေမယ့် အခု ZenBook 14 ရဲ့ ကီးဘုတ်ကတော့ အံ့သြစရာကောင်းလောက်အောင် ကောင်းမွန်တာ တွေ့ရပါတယ်။
ကီးဘုတ်ရဲ့ အရောင်အသွေးနဲ့ ကွာလတီက ကိုယ်ထည်နဲ့ လုံးဝ လိုက်ဖက်ပြီး ကိုယ်ထည်သေးပေမယ့် ကီးတွေ အရမ်းပြွတ်သိပ်နေတာလည်း မရှိပါဘူး။ ပထမဆုံးအကြိမ် စာရိုက်ကြည့်ရာမှာတောင် သုံးနေကြ Laptop နီးပါး အမှားအယွင်းကင်းကင်းနဲ့ မြန်မြန်ဆန်ဆန် ရိုက်နိုင်တာ တွေ့ရပါတယ်။ အပြစ်လုပ်ပြောစရာ ဆိုလို့ ပါဝါခလုတ်ကို သီးသန့် မထားဘဲ အပေါ်ဆုံးက Fn key အတန်းမှာပဲ ယှဉ်ထည့်ထားတာပါ။ ခလုတ်ကလည်း အရွယ်သေးနေတော့ အသားမကျသေးရင် Backspace နဲ့ မှားမှားနှိပ်မိနိုင်ပါတယ်။ ဒါလေးတခုတော့ လိုအပ်ချက်ရှိမှာပါ။
အော်မေ့လို့ ကီးဘုတ်က LED Backlit ပါတယ်နော်။ အောက်ခံမီးအဖြူလေးပဲ ဖျော့ဖျော့လင်းပေးမှာ ဖြစ်တာကြောင့် ညဘက် စာရိုက်တဲ့အခါ အရမ်းလင်းနေတာမျိုး မရှိတာလည်း သဘောကျမိပါတယ်။
ပြီးတော့ Metal နဲ့ပဲ လုပ်ထားတဲ့ Touchpad ကလည်း ကောင်းမွန်ပါတယ်။ Response ကော Accuracy ပါ တိကျမှု ရှိပါတယ်။ Touchpad သုံးနေကြမဟုတ်တဲ့လူတွေတောင် အခက်အခဲ သိပ်ရှိမှာ မဟုတ်ပါဘူး။ သွားလေရာ သုံးမယ့် Ultrabook တလုံးမှာ ဒီလို ကီးဘုတ်ကောင်းကောင်းပါဖို့ တော်တော်လေး အရေးကြီးတယ်လို့ ထင်မိပါတယ်။
စုံလင်သည့် Ports
Laptop သေးသေးလေးဆိုတော့ Ports မစုံလောက်ဘူးလို့ မထင်လိုက်ပါနဲ့။ 3.5mm ဂျက်ပင်ပေါက်၊ SD Card Reader ကနေ Full-size HDMI Port အထိ အကုန် ပါဝင်ပါတယ်။ ဒါ့အပြင် USB A နှစ်ပေါက် နဲ့ Type-C တပေါက်လည်း ပါသေးပါတယ်။
Features
ASUS ZenBook 14 UM431 ဟာ ဒီဇိုင်းနဲ့ စွမ်းဆောင်ရည် ကောင်းသလို Features ပိုင်းမှာလည်း မလစ်ဟင်းသွားပါဘူး။ Touchpad မှာ Fingerprint Sensor ပါဝင်တာကြောင့် Password ရိုက်စရာမလိုဘဲ Windows Hello စနစ်နဲ့ Computer ကို အသာလေး Log-in ဝင်နိုင်ပါတယ်။ ZenBook အမြင့်မော်ဒယ်တွေလို Face ID ရတဲ့ Camera တော့ မပါပါဘူး။ သို့ပေမယ့် Webcam တော့ ပါသေးပါတယ်။
သုံးသပ်ချက်
နိဂုံးချုပ်အနေနဲ့ ပြောရရင် ZenBook 14 ဟာ သူ့စျေးနဲ့ဆို တော်တော် တန်တဲ့ Ultrabook တလုံးဆိုတာ ငြင်းစရာ မရှိပါဘူး။ အဆုံးစွန် ပြောရရင် ဒေါ်လာ ၈၀၀ တန် Ultrabook တွေထဲမှာ ဒီဇိုင်းအကောင်းဆုံး၊ အလှဆုံး ပါပဲ။ ဒေါ်လာ ထောင်ကျော် သုံးစရာမလိုဘဲ လူတကာ ငေးလောက်တဲ့ Laptop မျိုးကို ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးမို့ လက်လွတ်မခံသင့်ပါဘူး။
Ultrbook ဆိုသော်ငြား စွမ်းဆောင်ရည်လည်း နိမ့်မသွားဘဲ သာမန် Office သုံးကနေ Video Editing နဲ့ Game တွေအထိ အပူအပင်ကင်းကင်း ဆော့နိုင်ပါတယ်။ ကဲ…ဒီဇိုင်းလည်းမိုက်၊ စွမ်းဆောင်ရည်လည်း ဂွတ်တဲ့အပြင် စျေးကပါ သင့်နေတော့ ဘာလိုသေးလဲပေါ့။ Laptop အသစ်ဝယ်မယ်ဆို ဒီကောင်လေးကို ထည့်သွင်းစဉ်းစားဖို့ အကြံပြုချင်ပါတယ်။ ပြည်တွင်းစျေးကွက်မှာလည်း စတင် ဝယ်ယူလို့ရနေပါပြီ။
You must log in to post a comment.