Google ကိုပူးတွဲတည်ထောင်သူတွေ ကတော့ ကုမ္ပဏီကို နောက်ကွယ်ကပဲ ထိန်းချုပ်သွားတော့မှာပါ။ Alphabet ရဲ့ ထုတ်ပြန်ချက်တစ်ခုအရ ကုမ္ပဏီပူးတွဲတည်ထောင်သူတွေဖြစ်တဲ့ Larry Page နဲ့ Sergey Brin တို့ဟာ လက်ရှိရာထူးတွေဖြစ်တဲ့ CEO နဲ့ ဥက္ကဌရာထူးတွေကနေ အသီးသီး နှုတ်ထွက်သွားကြပြီဖြစ်ပြီး၊ လက်ရှိ Google CEO ဖြစ်သူ Sundar Pichai ကပဲ ဆက်လက်ပြီး အဆိုပါရာထူးနေရာတွေကို ဆက်ခံဦးဆောင်သွားမှာ ဖြစ်ကြောင်းသိရပါတယ်။
Page နဲ့ Brin တို့ဟာ ပူးတွဲတည်ထောင်သူတွေအဖြစ်၊ ဆက်လက်တည်ရှိနေမှာဖြစ်တဲ့အပြင်၊ ဘုတ်အဖွဲ့နဲ့ ရှယ်ယာပိုင်ရှင်တွေအဖြစ်လည်း ဆက်လက်ရှိနေမှာ ဖြစ်ပေမယ့် ဒီအပြောင်းအလဲဟာ အတော်ကြာကြာမပြောင်းလဲပဲရှိခဲ့တဲ့ အခြေအနေရဲ့ ကြီးမားတဲ့ အချိုးအကွေ့ဖြစ်တယ်လို့ ဖော်ပြနေကြပါတယ်။
ဒီအကြောင်းကို Sundar Pichai ကလည်း Twitter မှာ ဖော်ပြခဲ့ပြီး၊ ဒီလိုအပြောင်းအလဲအတွက် စိတ်လှုပ်ရှားမိကြောင်း၊ Larry နဲ့ Sergey တို့အုတ်မြစ်ချခဲ့တဲ့ ခိုင်မာတဲ့အခြေခံပေါ်ဆက်လက်ပြီး တည်ဆောက်သွားမှာဖြစ်ကြောင်း ရေးသားခဲ့တာပါ။
I’m excited about Alphabet’s long term focus on tackling big challenges through technology. Thanks to Larry & Sergey, we have a timeless mission, enduring values and a culture of collaboration & exploration – a strong foundation we’ll continue to build on https://t.co/tSVsaj4FsR
— Sundar Pichai (@sundarpichai) December 4, 2019
အကြီးအကဲနှစ်ယောက်ရဲ့ ပြောကြားချက်အရ Alphabet အနေနဲ့ Google အပါအဝင် Brand မြောက်များစွာကို အကောင်းမွန်ဆုံး ပြုလုပ်ခဲ့ပြီဖြစ်ပြီး၊ အဆင်ပြေချောမွေ့စွာ၊ အမှီအခိုကင်းကင်းနဲ့ အလုပ်လုပ်နေပြီဖြစ်တာကြောင့် Alphabet နဲ့ Google တို့ဟာ CEO နဲ့ ဥက္ကဌနှစ်ဦးစီမလိုတော့ကြောင်း ထုတ်ဖော်ခဲ့တာပါ။ ဒါကြောင့်လက်ရှိ Google ကိုအကောင်းဆုံးတိုးတက်အောင် ပြုလုပ်နေတဲ့ Pichai ကိုပဲ ဆက်လက်ပြီး အုပ်ချုပ်သွားစေဖို့ ပြုလုပ်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
Ref: Engadget