ဒူဘိုင်းက ရဲကားအုပ်စုထဲ ပါဝင်လာတော့မယ့် Tesla ရဲ့ Cybertruck များ

ဒူဘိုင်းရဲ့ ရဲတပ်ဖွဲ့ဟာ စူပါကားတွေနဲ့ ဖွဲ့စည်းထားတဲ့ ရဲတပ်ဖွဲ့အဖြစ် ထင်ရှားကျော်ကြားတာလည်း အားလုံးအသိပါ။ လန်ဘိုဂီနီနဲ့ ဖရာရီလို ကားတွေပါဝင်တဲ့ ရဲတပ်ဖွဲ့အတွက် နောက်ဆုံးပေါ်ကားဖြစ်တဲ့ တက်စလာရဲ့ Cybertruck တွေကိုပါ ထည့်သွင်းတော့မှာ ဖြစ်ကြောင်း တရားဝင်ကြေညာသွားခဲ့ပါတယ်။

တရားရေးအေဂျင်စီက တက်စလာ Cybertruck တွေကို ၂၀၂၀ ခုနှစ်ကစပြီး အသုံးပြုမှာ ဖြစ်ကြောင်း ပြောခဲ့ပေမယ့် Cybertruck ကို တရားဝင်ထုတ်လုပ်မှာက ၂၀၂၁ ခုနှစ် နောက်ပိုင်းမှ ဖြစ်တာကြောင့် တကယ်ဖြစ်လာဦးမှာတော့မဟုတ်ပါဘူး။ ရဲတပ်ဖွဲ့ တာဝန်ရှိသူ Maj Gen. Abdullah Khalifa Al Marri ရဲ့ ရှင်းပြချက်အရ ခရီးသွားတွေအလာများတဲ့ နေရာတွေဖြစ်တဲ့ ဘာ့ဂျ်ခါလီဖာ မျှော်စင်လိုနေရာတွေမှာ လုံခြုံရေးအခြေအနေတိုးမြှင့်ရာမှာ အထောက်အကူဖြစ်လာမှာ ဖြစ်ကြောင်း ပြောပါတယ်။

ရဲတပ်ဖွဲ့ဟာ တကယ့်လူဆိုးလူမိုက်တွေကို ဖမ်းဆီးပြတာထက်၊ တပ်ဖွဲ့အတွင်းမှာရှိတဲ့ အပျံစားကားတွေကို ပြတာက ခပ်များများဖြစ်တာကြောင့် ဝေဖန်ခံနေရတာလည်း ဖြစ်ပါတယ်။ လူဆိုးတွေကို ဖမ်းဖို့ အရှားပါး၊ စျေးအကြီးဆုံး ကားတစ်မျိုးဖြစ်တဲ့ Aston Marton One-77 လိုကားမျိုးတွေ မလိုအပ်ဘူးလို့လည်း ဝေဖန်နေကြတာပါ။

တက်စလာ Cybertruck ရဲ့ မော်တာနှစ်လုံးပါဝင်တဲ့ ဗားရှင်းကို ၂၀၂၁ ခုနှစ်မှာ ရရှိနိုင်ဖို့ရှိနေပြီး အကြမ်းခံသံမဏိနဲ့ ပြုလုပ်ထားတာဖြစ်ပေမယ့် ရှိုးပွဲအတွင်းပြသသွားတဲ့ Demo အရ မှန်တွေက ထင်သလိုဖြစ်မလာတာကြောင့် အင်တာနက်မှာ လှောင်ပြောင်ခြင်းကို ခံနေရတာ ဖြစ်ပါတယ်။

Ref: Engadget

%d bloggers like this: