iPhone ကို Apple ကစတင်မိတ်ဆက်ခဲ့ပြီး ခြောက်လအကြာ ၂၀၀၇ ခုနှစ် ဇွန်လ ၃၀ရက်နေ့မှာ iPhone ရဲ့ ပထမဆုံးမျိုးဆက်ကို အမေရိကန်ပြည်ထောင်စုမှာ စတင်ရောင်းချခဲ့ပါတယ်။ နည်းပညာခေတ်ကို တစ်ခေတ်ဆန်းစေခဲ့တဲ့ iPhone ဟာ စမတ်ဖုန်းဈေးကွက်ကို တစ်ဆစ်ချိုးပြောင်းလဲ စေခဲ့တဲ့ Apple ရဲ့ပထမဆုံးဖုန်းလည်း ဖြစ်ပါတယ်။

iPhone ရဲ့ ပထမမျိုးဆက်ဟာ မျက်နှာပြင်တစ်ခုလုံး ထိသိမျက်နှာပြင် (Multi-Touch Interface) ပါဝင်တဲ့ ပထမဆုံးဖုန်းအမျိုးအစားဖြစ်ပါတယ်။ Network အနေနဲ့ AT&T ရဲ့ EDGE ဒေတာ အမျိုးအစားနဲ့ GSM ဆယ်လူလာဖုန်းပဲဖြစ်ပါတယ်။ RAM အနေနဲ့ 128 MB ပါဝင်ပြီး Storage 4 GB မော်ဒယ်နဲ့ 8 GB မော်ဒယ်ဆိုပြီး နှစ်မျိုးထွက်ရှိခဲ့တာပါ။

စတင်ရောင်းချတဲ့နေ့မှာတင် ဝယ်ယူသူတွေများပြားလွန်းလို့ စတင်ရောင်းချချချင်း တစ်နာရီအတွင်းမှာပဲ ပစ္စည်းတွေ ပြတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ခိုက်ရန်ဖြစ်ပွားတဲ့အထိ ဖြစ်လာလို့ iPhone ကို စောင့်ဆိုင်းဝယ်ယူတဲ့ လူတွေကို ရဲတွေကစောင့်ကြပ်ပေးခဲ့ရပါတယ်။ အသက် ၁၇နှစ်အရွယ်ရှိ George Hotz ဟာ iPhone ကို ပထမဆုံးဝယ်ယူပြီး Unlock လုပ်နိုင်တဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

iPhone ကို နိုဝင်ဘာလမှ UK၊ ပြင်သစ်၊ ဂျာမနီ၊ ပေါ်တူဂီ၊ အိုင်ယာလန်နဲ့ သြစတီးယား စတဲ့ ဥရောပနိုင်ငံတွေမှာ ရောင်းချခဲ့ပါတယ်။ ရောင်းချပြီး ၇၄ရက်အတွင်းမှာတင် iPhone အလုံးရေပေါင်း တစ်သန်းထိ ရောင်းချခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် iPhone ဟာ နည်းပညာလောကကြီး တစ်ခုလုံး ပြောင်းလဲသွားရုံတင်မဟုတ်ပဲ ကမ္ဘာကြီးတစ်ခုလုံးရဲ့ နည်းပညာကိုပါ ပြောင်းလဲသွားစေခဲ့တာပါ။
Ref: This Day in Tech History, Day in Tech History, Wikipedia