Snapdragon 820 ပရိုဆက်ဆာအသုံးပြုထားပြီး၊ RAM 6GB ပါဝင်တဲ့ ZTE Nubia Z11 စမတ်ဖုန်း ထွက်ရှိ

တရုတ်စမတ်ဖုန်းကုမ္ပဏီ ZTE ရဲ့ Nubia Z11 စမတ်ဖုန်းအသစ် ထွက်ရှိလာပါပြီ။

ယခုစမတ်ဖုန်းကို တရုတ်နိုင်ငံမှာ ဂျူလိုင်လ ၆ ရက်နေ့က စတင်ရောင်းချပေးသွားမှာဖြစ်ကာ၊ RAM နဲ့ storage ပမာဏမတူတဲ့မော်ဒယ်ကွဲနှစ်မျိုး ထွက်ရှိမှာဖြစ်ပါတယ်။

RAM 4GB နဲ့ storage 64 GB ပါတဲ့ ZTE Nubia Z11 ဖုန်းကို တရုတ်ယွမ်ငွေ ၂၄၉၉ (မြန်မာငွေ လေးသိန်းခွဲခန့်) နဲ့ ရောင်းချသွားမှာဖြစ်ပြီး၊ RAM 6GB နဲ့ storage 128GB ပါ မော်ဒယ်ကိုတော့ တရုတ်ယွမ်ငွေ ၃၄၉၉ (မြန်မာငွေ ခြောက်သိန်းနှစ်သောင်းဝန်းကျင်) နဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။

ZTE Nubia Z11 ဖုန်းမှာ ၅.၅ လက်မအရွယ် full-HD (1080x1920pixels) 2.5D မျက်နှာပြင် ပါရှိပြီး၊ ခြစ်ရာပွန်းရာတွေက ကာကွယ်ပေးမယ့် Corning Gorilla Glass 3 မှန်သားပြင်နဲ့ အုပ်ထားပါတယ်။ Android 6.0 Marshmallow အခြေခံ ZTE ရဲ့ Nubia UI 4.0 စနစ်နဲ့ လာမှာပါ။ RAM များသလို၊ ပရိုဆက်ဆာကိုလည်း နောက်ဆုံးပေါ် 2.15GHz Snapdragon 820 ပရိုဆက်ဆာကို အသုံးပြုထားတာကြောင့် ဖုန်းရဲ့စွမ်းဆောင်ရည်ပိုင်းကတော့ အမြင့်စားပါပဲ။

ဒီဖုန်းရဲ့ အားသာချက်နောက်တစ်ခုကတော့ microSD ကတ်ပမာဏကို 200GB အထိ ထပ်စိုက်နိုင်တာဖြစ်တာကြောင့်၊ ဖုန်း storage များများ၊ စွမ်းဆောင်ရည်ကောင်းကောင်းဖုန်းလိုချင်သူတွေအတွက် ကွက်တိပါပဲ။

4G ကွန်ရက်သုံးစွဲနိုင်တဲ့ SIM နှစ်ကတ်ထိုးဖုန်းဖြစ်ပေမယ့်၊ နှစ်မျိုးစပ် SIM slot နဲ့ဖြစ်တာကြောင့်၊ SIM နှစ်ကတ်ထိုးထားချိန်မှာ microSD ကတ်ထိုးနိုင်မှာမဟုတ်သလို၊ microSD ကတ်ထိုးထားရင်လည်း SIM တစ်ကတ်ပဲသုံးနိုင်မှာပါ။

ကင်မရာပိုင်းအနေနဲ့ dual tone LED ဖလက်ရှ်မီး၊ PDAF နဲ့ OIS နည်းပညာပါဝင်တဲ့ 16-megapixel ကျောကင်မရာ ပါဝင်ပါတယ်။ ရှေ့ကင်မရာကလည်း အပါချာ 2.4 အကျယ်ရှိ၊ 8-megapixel ကင်မရာဆိုတော့ selfie ကိုကိုမမတွေအကြိုက်ပါပဲ။

ZTE Nubia Z11 ဖုန်းရဲ့ ကျောဘက်မှာ လက်ဗွေရာဆန်ဆာပါဝင်ပြီး၊ ဖုန်းကိုယ်ထည်တစ်ခုလုံးကို သတ္တုနဲ့ ပြုလုပ်ထားပါတယ်။ ချိတ်ဆက်မှုအပိုင်းမှာတော့ GPS ၊ Bluetooth ၊ Glonass ၊ Wi-Fi ၊ 4G ၊ 3G ၊ GPS/A-GPS တို့ သုံးစွဲနိုင်ပြီး၊ NFC ပါဝင်လာခြင်းမရှိတာကို တွေ့ရပါတယ်။ ဖုန်းရဲ့ usb အပေါက်ကလည်း USB Type-C နဲ့ ဖြစ်ပါတယ်။

3000mAh ဘက်ထရီကိုအသုံးပြုထားပြီး၊ အားအမြန်သွင်းစနစ် Quick Charge 3.0 ကို အသုံးပြုနိုင်တာကြောင့်၊ ဖုန်းဘက်ထရီအားကို အမြန်ဆုံးသွင်းနိုင်မှာဖြစ်ပါတယ်။ ဒီဖုန်းမှာပါဝင်တဲ့ တခြား feature တွေကတော့ ပိုမိုကောင်းမွန်တဲ့အသံစွမ်းရည်ကို ပေးစွမ်းမယ့် SmartPA amplifier ပါဝင်ပြီး၊ Dolby Atmos နည်းပညာလည်း ပါဝင်တာကြောင့် ဂီတ၊ရုပ်ရှင်ပရိတ်သတ်တွေအတွက် အကောင်းဆုံးခံစားမှုကို ရရှိမှာဖြစ်ပါတယ်။

ZTE Nubia Z11 ဖုန်းဟာ ကျောဘက်မှာ နာမည်ကျော်ဘောလုံးသမား ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ လက်မှတ် ပါဝင်တဲ့ အထူးထုတ်မော်ဒယ်အနေနဲ့လည်း ထွက်ရှိလာပြီး၊ အဆိုပါဖုန်းကို ရွှေအိုရောင်ကာလာနဲ့ပါ ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

Ref: Gadgets360

 

%d bloggers like this: