IFA ပွဲမတိုင်မီ စက်တင်ဘာလ (၁) ရက်နေ့မှာ စမတ်ဖုန်းအသစ်တွေကို မိတ်ဆက်သွားမယ့် Huawei

Huawei ကုမ္ပဏီဟာ စက်တင်ဘာလ ၂ ရက်နေ့ကနေ စက်တင်ဘာလ ၇ ရက်နေ့အထိ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ ကျင်းပပြုလုပ်မယ့် ၂၀၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာအီလက်ထရွန်းနစ်ပစ္စည်းပြပွဲ IFA မတိုင်ခင်မှာ ကုမ္ပဏီရဲ့ စမတ်ဖုန်းအသစ်တွေကို မိတ်ဆက်သွားဖို့ ရှိနေပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့မှာ Huawei က ကျင်းပပြုလုပ်မယ့် pre-IFA 2106 ပွဲအတွက် ဖိတ်ကြားလွှာတွေကို Huawei ကုမ္ပဏီက စတင်ပေးပို့လျက်ရှိပြီး၊ အဆိုပါပွဲမှာ Huawei Mate 8 နေရာဆက်ခံမယ့် ဖုန်းမော်ဒယ်အသစ်ကို မိတ်ဆက်သွားဖို့ရှိနေပါတယ်။ Mate 8 ဖုန်းကိုလည်း အရင်နှစ် IFA ပွဲမှာ မိတ်ဆက်သွားခဲ့တာဖြစ်တာကြောင့်၊ Mate 9 ဖုန်းကိုလည်း ဒီပွဲမှာ တွေ့မြင်ရဖို့ရှိနေပါတယ်။

Apple ကုမ္ပဏီအနေနဲ့လည်း စက်တင်ဘာလအတွင်းမှာ iPhone 7 ကို မိတ်ဆက်သွားဖို့ရှိပြီး၊ iPhone 7 ဟာ စခရင်အရွယ်ကြီးကြီးနဲ့ ထွက်ရှိလာမယ်ဆိုတဲ့သတင်းတွေကြောင့်၊ Huawei က ကြိုတင်လက်ဦးမှုယူကာ Mate ဖုန်းမော်ဒယ်အသစ်ကို မိတ်ဆက်တာဖြစ်နိုင်ပါတယ်။

Mate 8 ဖုန်းဟာ လွန်ခဲ့တဲ့နှစ် အောက်တိုဘာလကမှ ထွက်ရှိထားတာဖြစ်ပေမယ့်၊ စမတ်ဖုန်းလောကမှာ အပြိုင်အဆိုင်တွေ ပြင်းထန်လာတာကြောင့်၊ Huawei ဟာ မော်ဒယ်အသစ်တစ်ခုနဲ့တစ်ခုကို အချိန်အကြာကြီး သိပ်မခြားတော့ဘဲ၊ ထုတ်သွားဖို့ရှိနေပါတယ်။

Huawei ရဲ့ IFA အကြို၊ စက်တင်ဘာ (၁) ရက်နေ့ပွဲမှာ ဘာကုန်ပစ္စည်းအသစ်တွေကို မိတ်ဆက်မလဲဆိုတာ သေချာမသိရသေးပေမယ့်၊ စမတ်ဖုန်းအပြင်၊ တက်ဘလက်နဲ့ wearable ပစ္စည်းတွေလည်း ထွက်လာနိုင်ပါတယ်။

တရုတ်ဆက်သွယ်ရေးနည်းပညာကုမ္ပဏီ Huawei ဟာ ကိုယ်ပိုင်မိုဘိုင်းလည်ပတ်မှုစနစ် (OS) တစ်ခုကိုလည်း ရေးဆွဲနေတယ်လို့ သိရှိရပေမယ့်၊ ဒီပရောဂျက်ဟာ ကနဦးအဆင့်မှာပဲရှိသေးတာကြောင့်၊ ဒီပွဲမှာတော့ မိတ်ဆက်လာဖွယ် မရှိသေးပါဘူး။

Ref: Gadgets 360, GSM Arena

 

 

 

 

%d bloggers like this: