ခန္ဓာကိုယ်ထဲ ဆေးထိုးအပ်နဲ့ ထိုးထည့်နိုင်တဲ့အထိ သေးငယ်တဲ့ကင်မရာတစ်မျိုးကို သိပ္ပံပညာရှင်တွေ တီထွင်

လက်ရှိကင်မရာနည်းပညာကို ပြောင်းလဲပစ်မယ့် ကင်မရာတစ်မျိုးကို ဂျာမနီနိုင်ငံ၊ စတုဂတ်တက္ကသိုလ်က သိပ္ပံပညာရှင်တွေက တီထွင်လိုက်နိုင်ပြီဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေ ဖန်တီးထားတဲ့ မိုက်ခရိုကင်မရာဟာ အရွယ်အစားအလွန်သေးလွန်းတာကြောင့်၊ ဆေးထိုးအပ်ထဲမှာတောင် ထည့်ပြီး၊ ခန္ဓာကိုယ်ထဲ ထိုးသွင်းနိုင်တယ်လို့ သိရပါတယ်။ ယခုကင်မရာကို ခန္ဓာကိုယ်တွင်းရောဂါဗေဒရှာဖွေရေးတွေမှာ အသုံးချနိုင်ဖို့ တီထွင်သူတွေက မျှော်မှန်းထားပေမယ့်၊ အရွယ်အစားသေးငယ်လွန်းလှတာကြောင့်၊ လုံခြုံရေးစောင့်ကြည့်မှုနဲ့ စပိုင်လုပ်ငန်းတွေမှာလည်း အသုံးချနိုင်မှာ ဖြစ်ပါတယ်။

စတုဂတ်တက္ကသိုလ်က ပညာရှင်တွေဟာ 3D Print နည်းပညာကို အသုံးပြုပြီး၊ lens သုံးခုပါ မိုက်ခရိုကင်မရာကို ဖန်တီးခဲ့တာဖြစ်ပြီး၊ ကန့်လန်ဖြတ်အကျယ် ဝ.၀၀၄ လက်မသာရှိပါတယ်။ ဆားတစ်ပွင့်လောက်တောင်မရှိဘဲ၊ ဆေးထိုးအပ်နဲ့ အလွယ်တကူထိုးထည့်နိုင်တဲ့အရွယ်အစားပါ။ ယခုကင်မရာကို ထုတ်လုပ်ချိန်ကော၊ လက်တွေ့စမ်းသပ်ချိန်ပါ နှစ်ခုပေါင်း နာရီအနည်းငယ်သာကြာမြင့်ခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ ဒီကင်မရာကို ဆံချည်မျှင်နှစ်ပင်စာလောက်သာရှိတဲ့ ဖိုင်ဘာဖန်မျှင်ကြိုး (fiber optic cable) နဲ့ ဆက်သွယ်ထားရပါသေးတယ်။ ကင်မရာဟာ ခန္ဓာကိုယ်တွင်းအစိတ်အပိုင်းတွေကို ဝ.၁၂ လက်မအကွာကနေ focus ယူပြီး ပုံထွက်ကောင်းကောင်းရိုက်ပေးနိုင်တာကြောင့်  ခန္ဓာကိုယ်တွင်းရောဂါရှာဖွေရေး အော်ပရေးရှင်းတွေမှာ တော်တေ်ာအသုံးတည့်မှာဖြစ်ပါတယ်။

ဒီကင်မရာဟာ လက်ရှိမှာ စမ်းသပ်ဆဲအဆင့်မှာပဲရှိသေးပေမယ့်၊ ဈေးကွက်ဝင်ထုတ်လုပ်လာနိုင်တဲ့အခါမှာ ဆေးဘက်ဆိုင်ရာအပြင်၊ တခြားနယ်ပယ်အမျိုးမျိုးမှာလည်း အသုံးပြုလာနိုင်မှာဖြစ်ပါတယ်။ စမတ်ဖုန်းတွေမှာ ဆိုရင်၊ ၃၆၀ ဒီဂရီကင်မရာတွေကို ဖုန်းကိုယ်ထည်မှာနေရာလုံးဝမယူဘဲ ထည့်သွင်းလာနိုင်မှာဖြစ်သလို၊ မောင်းသူမဲ့ကားတွေအတွက်လည်း ဘက်ပေါင်းစုံမြင်ကွင်းတွေ ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဒီလို အသုံးတည်တဲ့နေရာတွေများသလို၊ မသမာသူတွေအနေနဲ့လည်း ချောင်းမြောင်းစောင့်ကြည့်လုပ်ရပ်တွေမှာ အသုံးချနိုင်ဖွယ်ရှိနေပါတယ်။

Ref: Live Science, Engadget

 

 

%d bloggers like this: