Android Pay စနစ် အသုံးပြုနိုင်တဲ့ ပထမဦးဆုံးအာရှနိုင်ငံဖြစ်လာတဲ့ စင်ကာပူ

ယခုတစ်ပတ် အင်္ဂါနေ့ကနေစတင်ကာ၊ စင်ကာပူမှာနေထိုင်သူ Android user တိုင်းဟာ ၎င်းတို့ရဲ့ခရက်ဒစ်ကတ်တွေကို စမတ်ဖုန်းနဲ့ ချိတ်ဆက်ထားလို့ရပြီဖြစ်ပြီး၊ စင်ကာပူတစ်ကျွန်းလုံးမှာရှိတဲ့ လက်လီအရောင်းဆိုင်တိုင်းမှာ ဖုန်းကို ဖတ်စက်နားကပ်လိုက်ရုံနဲ့ ငွေပေးချေနိုင်ပြီဖြစ်ပါတယ်။

စင်ကာပူဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်ပြီးနောက်မှာ Google ရဲ့ မိုဘိုင်းငွေပေးချေမှုစနစ် Android Pay ကို အသုံးပြုခွင့်ရတဲ့ ကမ္ဘာ့တတိယမြောက်နိုင်ငံဖြစ်လာခဲ့ပြီး၊ အာရှတိုက်မှာ Android Pay သုံးစွဲနိုင်တဲ့ ပထမဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

Android Pay စနစ်ဆိုတာ NFC ပါဝင်တဲ့ Android ဖုန်းတိုင်းလိုလို သုံးနိုင်တဲ့စနစ်တစ်ခုဖြစ်ပြီး၊ Android ဗားရှင်း KitKat 4.4 ကနေ စတင်အသုံးပြုနိုင်ပါတယ်။

မိုဘိုင်းငွေပေးချေမှုစနစ်မှာ ပြိုင်ဘက်တွေဖြစ်တဲ့ Apple Pay နဲ့ Samsung Pay တို့ထက် အနည်းငယ် အချိန်နောက်ကျပြီးမှ၊ စင်ကာပူကို ဝင်လာတာဖြစ်ပြီး၊ အခုဆိုရင် စင်ကာပူမှာ ကမ္ဘာ့ထိပ်သီး မိုဘိုင်းငွေပေးချေမှုစနစ်သုံးမျိုး အကြိတ်အနယ်ဈေးကွက်ယှဉ်ပြိုင်တော့မှာဖြစ်ပါတယ်။

Apple Pay နဲ့ Samsung Pay စနစ်တွေလိုပဲ၊ ယခု Android Pay ကို စင်ကာပူက အဓိကဘဏ်ကြီးအများစု နဲ့ ချိတ်ဆက်အသုံးပြုနိုင်ပြီး၊ DBS Bank ၊ OCBC Bank ၊ POSB ၊ Standard Chartered Bank နဲ့ UOB ဘဏ်တွေက MasterCard နဲ့ Visa card တွေနဲ့ စတင်အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ User တစ်ယောက်အနေနဲ့ ၎င်းရဲ့ဖုန်းမှာ ဘဏ်ကတ်အကန့်အသတ်မရှိထည့်သွင်းထားနိုင်ကြောင်းလည်း Google Singapore ရဲ့ ဒေသတွင်းဒါရိုက်တာ Ms Joanna Flint က ရှင်းပြသွားခဲ့ပါတယ်။

Google ရဲ့ Android Pay ကို အသုံးပြုပုံကတော့

၁။ ပထမဦးဆုံး Google Play Store ကနေ Android Pay app ကို ဒေါင်းလုဒ်ယူပါ

၂။ ဖုန်းမှာ လက်ဗွေရာဆန်ဆာပါပါက၊ လက်ဗွေရာဆန်ဆာပေးခြင်းကဲ့သို့ အဆင့်မြင့်လုံခြုံရေး ကာကွယ်မှုတွေကို လုပ်ဆောင်ပါ။

၃။ သင့်ရဲ့ ကတ်အား ထည့်ပါ။

၄။ စမတ်ကတ်ငွေပေးချေမှုစနစ်ရရှိတဲ့နေရာမှာ၊ ဖုန်းကို reader စက်နား ကပ်ထားပေးပါ။ ငွေပေးချေမှု ပြီးပါက၊ စက်ကနေ အမှန်ခြစ်ပြပေးသွားမှာဖြစ်ပါတယ်။

Samsung Pay နဲ့ ယှဉ်ရင် Android Pay ရဲ့ အားသာချက်တစ်ခုကတော့ နောက်ဆုံးပေါ် Samsung ဟန်းဆက်တွေမှာပဲ အသုံးပြုနိုင်တာမဟုတ်ဘဲ၊ NFC ပါဝင်တဲ့ Android ဖုန်းတိုင်းလိုလိုအသုံးပြုနိုင်တာ ဖြစ်ပါတယ်။

Ref: Mashable

 

%d bloggers like this: