ကမ္ဘာ့ပထမဆုံး ခရီးသည်တင်ဒရုန်းကို နဗားဒါးသဲကန္တာရမှာ ယခုနှစ်စမ်းသပ်မည်

လွန်ခဲ့တဲ့ CES ပြပွဲမှာ တရုတ်ဒရုန်းကုမ္ပဏီ Ehang ဟာ ကမ္ဘာ့ပထမဆုံးခရီးသည်တင်ဒရုန်းကို ပြသခဲ့ပြီး၊ ဒရုန်းလောကကို လှုပ်ကိုင်သွားခဲ့ပါတယ်။

အခုအခါ၊ အဆိုပါ Ehang 184 ခရီးသည်တင်ဒရုန်းကို ယခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု၊ နဗားဒါးပြည်နယ်သဲကန္တာရအတွင်းမှာ စမ်းသပ်ဖို့ ခွင့်ပြုချက်ရရှိပြီးဖြစ်တယ်လို့ သိရပါတယ်။

နဗားဒါးအလိုအလျောက်ယာဉ်မောင်းစနစ်ကြီးကြပ်ရေးအဖွဲ့ (NIAS) နဲ့ နဗားဒါးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစိုးရရုံး (GOED) တို့က စမ်းသပ်ဖို့ခွင့်ပြုချက်ပေးခဲ့တာဖြစ်ပြီး၊ FAA စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းစဉ်အတိုင်း Ehang ရဲ့ ပျံသန်းမှုကို ကူညီပံ့ပိုးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ehang ခရီးသည်တင်မောင်းသူမဲ့ဒရုန်းဟာ အတက်အဆင်းတွေ ဒေါင်လိုက်ပြုလုပ်နိုင်တဲ့ ဒရုန်းဖြစ်ပြီး၊ ခရီးသည်တစ်ဦးကို တင်ဆောင်ကာ၊ အမြင့်ပေ ၁၁၅၀၀ မှာ၊ တစ်နာရီ ၆၃ မိုင်နှုန်းနဲ့ ၂၃ မိနစ်ကြာ လုံးဝလူထိန်းချုပ်စရာမလိုဘဲ၊ ပျံသန်းနိုင်ပါတယ်။

ဒါပေမယ့် Ehang ဒရုန်းအနေနဲ့ တရားဝင်ရောင်းချခွင့်မရခင်မှာ လေကြောင်းထိန်းသိမ်းရေးအဖွဲ့အစည်း (FAA) ရဲ့ ပျံသန်းမောင်းနှင်ဖို့ လုံခြုံစိတ်ချမှုရှိကြောင်း ထောက်ခံချက်ကို ရယူရဦးမှာဖြစ်ပါတယ်။

ဒီခွင့်ပြုချက်တွေရပြီးရင်တောင်၊ ဒရုန်းမှာပါဝင်လိုက်ပါမယ့်ခရီးသည်ရဲ့ ဘေးအန္တရာယ်စိတ်ချရမှုအခြေအနေတွေ ပါ ထပ်မံစမ်းသပ်မှုရယူရဦးမှာဖြစ်တာကြောင့်၊ ဒီဒရုန်းကို အများပြည်သူသုံးစွဲနိုင်ဖို့အတွက် အနည်းဆုံး နောက်ထပ်နှစ်အနည်းငယ်လောက် အချိန်ယူရဦးမှာဖြစ်ပါတယ်။

Ref: The Next Web

%d bloggers like this: