Google ရဲ့ Search by Image ဆိုတာ ကိုယ့်မှာရှိပြီးသားပုံတစ်ပုံကို Image Search မှာ တင်ပြီး၊ ဆင်တူတဲ့ပုံတွေကို အင်တာနက်မှာ ပြန်ရှာလို့ရတဲ့ feature တစ်ခုဖြစ်ပါတယ်။
အင်တာနက်ပေါ်က သတင်းအရင်းအမြစ်မသေချာတဲ့ပုံတွေဆို ဒီနည်းနဲ့ရှာပြီး၊ အမှန်လား/လုပ်ကြံဖန်တီးထားတာလား သိရှိနိုင်ပါတယ်။ ဓာတ်ပုံဆရာတွေဆိုရင်လည်း ကိုယ်ရိုက်ထားတဲ့ပုံကို ဘယ်သူတွေက ခွင့်မတောင်းဘဲ ယူသုံးနေလဲဆိုတာ ရှာကြည့်နိုင်မယ့် အသုံးဝင်တဲ့ feature တစ်ခုပါ။
ကံမကောင်းတာတစ်ခုက ဒီ feature ကို ကွန်ပြူတာကနေပဲ အသုံးပြုနိုင်ပြီး၊ မိုဘိုင်းဖုန်းနဲ့ ဆိုရင်တော့ Chrome အပါအဝင် ဘယ်ဘရောက်ဆာမှာမှ သုံးလို့မရပါဘူး။
ဒါပေမယ့်၊ အောက်ပါနည်းလမ်းလေးကို အသုံးပြုပြီး Google ရဲ့ Search by Image ကို Android ကော iPhone တွေမှာပါ အလွယ်တကူအသုံးပြုနိုင်ပါတယ်။ ဖုန်းထဲကို App တစ်ခု ထပ်သွင်းစရာမလိုပါဘူး။
အဆင့် (၁) – ပထမဦးဆုံး သင့်ရဲ့မိုဘိုင်းဖုန်းဘရောက်ဆာကနေ ctrlq.org/google/images/ ဝက်ဘ်ကို သွားလိုက်ပါ။
အဆင့် (၂) – ဝက်ဘ်ဆိုဒ်ထဲ ဝင်ဝင်ချင်းမှာ Upload Picture ဆိုတဲ့ခလုတ်ကို မြင်ရမှာဖြစ်ပြီး၊ အဆိုပါ ခလုတ်ကိုနှိပ်လိုက်တာနဲ့၊ ဖုန်းကင်မရာနဲ့ဓာတ်ပုံရိုက်ပြီး ရှာမလား ဒါမှမဟုတ် ဖုန်းထဲကပုံနဲ့ ရှာမလား ရွေးခိုင်းပါလိမ့်မယ်။
အဆင့် (၃) – ကိုယ်ရှာချင်တဲ့ပုံကို upload လုပ်ပြီးသွားပြီဆိုရင်၊ “Show Matching Images” ဆိုတာ ပေါ်လာပါလိမ့်မယ်။ နှိပ်လိုက်ပါ။
အဆင့် (၄) – ဒီအခါ Google Search by Image ဆီရောက်သွားမှာဖြစ်ပြီး၊ သင်ရှာထားတဲ့ပုံနဲ့ ဆင်တူတွေ ပေါ်လာတာကို တွေ့ရပါမယ်။
ဒီနည်းနဲ့ သင်ရိုက်ပြီး၊ အွန်လိုင်းမှာတင်ထားတဲ့ပုံတွေကို ဘယ်သူတွေ ယူသုံးနေလဲ၊ ပုံက ဘယ် source ကလဲ ဆိုတာ အလွယ်တကူရှာတွေ့နိုင်မှာဖြစ်ပါတယ်။
Ref: PC Advisor
You must log in to post a comment.