Laptop ဈေးကွက်ကို တခေတ်ဆန်းစေမယ့် ASUS ZenBook Pro Duo

ကိုယ်ပိုင်ဖန်တီးမှုတွေကို အကောင်းဆုံး ပုံဖော်ပေးမယ့် ASUS ZenBook Pro 

 

YouTube ၊ Facebook စတဲ့ Social Media တွေ တွင်ကျယ်လာတာနဲ့အတူ စိတ်ကူးစိတ်သန်းကောင်းမွန်တဲ့ Creative Person တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုပေါ်များလာပြီ ဖြစ်ပါတယ်။ Professional Creator တဦးအနေနဲ့ ဓာတ်ပုံ၊ ဗီဒီယို၊ ဒီဇိုင်း စတဲ့ ဒီဂျစ်တယ်ဖန်တီးမှုတွေကို ပုံဖော်ရာမှာ စွမ်းဆောင်ရည်ကောင်းမွန်ပြည့်စုံတဲ့ PC တလုံး မရှိမဖြစ် လိုအပ်ပါတယ်။ အခုခေတ်မှာ Laptop တွေကလည်း Desktop တလုံးနီးပါး စွမ်းဆောင်ရည်ကောင်းလာပြီဆိုတော့ သွားလေရာ သယ်သွားနိုင်တဲ့ Laptop မျိုး က ပိုအဆင်ပြေမှာပါ။

ဒီအတွက် နောက်ဆုံးပေါ် အမိုက်စား Laptop အသစ်တလုံးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။  Creators အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ ASUS ZenBook Pro Duo ပါ။ မိတ်ဆက်စဉ်ကတည်းက ကမ္ဘာ့မီဒီယာအသီးသီးမှာ အထူးတလည် ဖော်ပြခံခဲ့ရပြီး၊ PC ဝါသနာရှင်တိုင်း စိတ်ဝင်စားခဲ့တဲ့ Laptop တလုံးပါ။ “The Laptop of Tomorrow” ဆိုတဲ့ နာမည်အတိုင်း Laptop ဈေးကွက်ကို တခေတ်ဆန်းစေနိုင်တဲ့ Product ဆိုလည်း မမှားပါဘူး။ 

ASUS ZenBook Pro Duo ကို ဟိုးလေးတကျော် ဖြစ်သွားတဲ့ အဓိကအချက်ကတော့ Screen နှစ်ခု ပါဝင်တာ ပါ။ Dual Screen Laptop ဆိုတာ ဒါ ပထမဆုံးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အရင်ကထွက်ခဲ့သမျှ Dual Screen Laptop တွေဟာ နည်းပညာဟန်လုံးပြတဲ့ Gimmick Product လောက်ပဲ ရှိခဲ့ပါတယ်။ တကယ့်တကယ်တမ်း ပြောရလောက်အောင် အသုံးမဝင်ခဲ့ပါဘူး။ ဒါပေမယ့် ဒီအစဉ်အလာကို ASUS က အခု ZenBook Pro Duo နဲ့ ရိုက်ချိုးပြလိုက်ပါပြီ။ အခြား Dual Screen Laptop တွေလို စခရင်အသေးတခု၊ အကြီးတခု မဟုတ်ဘဲ အရွယ်အစားပြည့် Display နှစ်ခုပါတဲ့ ကမ္ဘာ့ပထမဆုံး Full-size Dual Screen Laptopလည်း ဖြစ်ပါတယ်။ Screen နှစ်ခုစလုံးက 4K Display တွေ ဖြစ်သလို Touch လည်း ရပါတယ်။ ပြီးတော့ Main Display က OLED Panel ပါ။ Display နဲ့တင် ကြွေဆင်းလောက်ပါတယ်။

Laptop အနာဂတ်ကို ဖန်တီးထုဆစ်မယ့် ဒီဇိုင်းလက်ရာ

ဖန်တီးမှုကို လိုလားတဲ့ Professional Creator တွေအတွက် ရည်ရွယ်ထားတဲ့ Laptop ဖြစ်တာနဲ့အညီ ဒီဇိုင်းပိုင်း များစွာ ဆန်းသစ်ထားတဲ့ Laptop တလုံးပါ။ တခြား ဘယ် Laptop တွေနဲ့မတူ ကိုယ်ပိုင်ဟန် ရှိပြီး၊ မြင်လိုက်တာနဲ့ ဒါ ASUS ZennBooK Pro Duo ပဲလို့ တန်းပြောနိုင်ပါတယ်။ Laptop ကို ဖွင့်လိုက်တာနဲ့ Lid ဒီဇိုင်းကအစ ထူးခြားနေတာ သတိပြုမိပါလိမ့်မယ်။ ASUS Gaming Laptop တွေက Lid ဒီဇိုင်းကို ယူသုံးထားတာပါ။ Laptop ကို ဖွင့်လိုက်ရင် အောက်ဘက်ကိုယ်ထည်က အပေါ်ကို ကြွတက်နေတဲ့ ဒီဇိုင်းကြောင့် Laptop အောက်ခြေမှာ လေဝင်လေထွက်ပိုကောင်းပြီး၊ အပူထွက်တာ လျော့သွားမှာပါ။ Laptop ကို ဒီတိုင်းတင်ထားရင်တောင် ဒီဇိုင်းက တော်တော်ကြည့်ကောင်းပါတယ်။

Lid ကော အောက်ခြေပါ မကျန် ဘော်ဒီတခုလုံးကို Aluminium နဲ့ လုပ်ထားထားတာကြောင့် ကိုင်လိုက်တာနဲ့ ပရီမီယမ်ခံစားမှုမျိုး ပေးစွမ်းနိုင်ပါတယ်။ Lid မှာတော့ စက်ကွင်းဖြာထွက်နေတဲ့ ပုံစံ Pattern နဲ့ ASUS ရဲ့ အထင်ကရ Zen ဒီဇိုင်းကို တွေ့ရမှာပါ။ အရောင်တောက်တောက် တွေ မသုံးဘဲ Deep Blue ကို သုံးထားတာက Laptop ကို ပိုပြီး စမတ်ကျသွားစေတယ်လို့ မြင်မိပါတယ်။

MIL-STD 810G Standard ပြည့်မီတဲ့ အကြမ်းခံမှု

သွားလေရာ သယ်ဆောင်သွားနိုင်တဲ့ Laptop တလုံးအနေနဲ့ အကြမ်းခံဖို့ကလည်း အရေးကြီးပါတယ်။ အိတ်ထဲထည့်သယ်သွားရင်း တခုခုနဲ့ ထိခိုက်မိတာ၊ လွတ်ကျတာတွေနဲ့ ကီးဘုတ်ပေါ် ရေ ဖိတ်ကျတာမျိုး မတော်တဆဖြစ်ရပ်တွေကြောင့် Laptop ထိခိုက်ပျက်စီးမှုတွေ ရှိနိုင်ပါတယ်။ ဈေးကြီးပေးဝယ်ထားရတဲ့ Laptop တလုံးကို စိတ်တထင့်ထင့်နဲ့ သုံးနေရတာမျိုး မဖြစ်စေဖို့အတွက် ZenBook Pro Duo ကို စစ်ဘက်ဆိုင်ရာ အကြမ်းခံမှုစံနှုန်း MIL-STD 810G နဲ့အညီ စမ်းသပ်ထုတ်လုပ်ပေးထားပါတယ်။

Shock Test ၊ Drop Test ၊ Vibration Test ၊ Bump Test နည်းမျိုးစုံနဲ့ စမ်းသပ်ထုတ်လုပ်ထားတာကြောင့် တော်ရုံတန်ရုံ ထိခိုက်ပြုတ်ကျတာလောက်ကတော့ အေးဆေးပါပဲ။ ပူလွန်း၊ အေးလွန်းတဲ့ ရာသီဥတုအခြေအနေတွေမှာတောင် စိတ်ချလက်ချ အသုံးပြုနိုင်မှာပါ။ 

အချိန်၊ နေရာမရွေး အကောင်းဆုံးစွမ်းဆောင်ရည် ပေးစွမ်းနိုင်တဲ့ Specs

စိတ်ကူးစိတ်သန်းတွေကို အချိန်၊ နေရာမရွေး ပုံဖော်ဖန်တီးနိုင်ဖို့အတွက် အကောင်းဆုံး စွမ်းဆောင်ရည်ကို ပေးစွမ်းထားတဲ့ Portable Machine တခု ဖြစ်ပါယ်။  အခု ကျနော်တို့မှာ ရှိတဲ့ ASUS ZenBook Pro Duo က UX581GV မော်ဒယ်ပါ။ 9th Gen Intel Core i7-9750H 8 Cores CPU ၊ 16GB DDR4 RAM ၊ Nvidia RTX 2060 GPU  6GB VRAM နဲ့ပါ။ ဒါကိုမှ မြန်နှုန်းမြင့် PCIE Gen 3 SSD က 1TB အထိ ပါပါသေးတယ်။ 4K Video Editing လုပ်တာ၊ Design နဲ့ Animation တွေ ဖန်တီးရာမှာ ချောမွေ့သွက်လက်စွာ လုပ်ဆောင်နိုင်မှာပါ။  ဒါကိုမှ ထက်မြင့်တာလိုချင်သေးရင် Overclock လုပ်နိုင်တဲ့ i9-9980HK Processor နဲ့ မော်ဒယ် ရှိပါသေးတယ်။ အမြင့်ဆုံးဆိုတဲ့ Mobile Hardware တွေချည်း သုံးပေးထားတာကြောင့် လုပ်ငန်းဆောင်တာအားလုံးကို အထစ်အငေါ့မရှိ မြန်ဆန်ချောမွေ့စွာ လုပ်ဆောင်နိုင်ပှာပါ။ 

ဒါတင်မကသေးပါဘူး အင်တာနက်ချိတ်ဆက်အသုံးပြုဖို့အတွက် မြန်နှုန်းမြင့် Wi-Fi 6၊ အချိန်ကြာမြင့်စွာ အသုံးပြုနိုင်သလို၊  Fast Charging ပါရတဲ့ 71WH ဘက်ထရီ တို့လည်း ပါဝင်ပါသေးတယ်။ အော် ပြီးတော့ IR Camera လည်း ပါသေးတော့ Windows Hello စနစ်လည်း အသုံးပြုနိုင်ဦးမှာပါ။ Laptop ဖွင့်ရင် PIN ရိုက်နေစရာမလိုဘဲ အထာကျကျ ကင်မရာကို ကြည့်လိုက်တာနဲ့ တန်းပွင့်သွားပါလိမ့်မယ်။

The Laptop of Tomorrow ဆိုတဲ့ ဆောင်ပုဒ်အတိုင်း တကယ့် အဆင့်မြင့်နည်းပညာတွေ အစုံအလင်ထည့်ပေးထားတာ တွေ့ရမှာပါ။ ဈေးကလည်း မနည်းပါဘူး။ အနည်းဆုံး ဒေါ်လာ ၃,၂၀၀ လောက် ပေးရပါလိမ့်မယ်။ Graphic Designer ၊ Video Editor ၊ Content Creator ၊ Streamer စသဖြင့် Pro Creaters တွေအတွက် အဓိက ရည်ရွယ်ထားတဲ့ Laptop ဆိုတော့ ဒီလောက် ဈေးက မဆန်းပါဘူး။ သူပေးထားတဲ့ Features တွေနဲ့ ယှဉ်ရင် တန်တယ်လို့တောင် ပြောနိုင်ပါတယ်။ 

Content Creating သာမက Gaming အတွက်လည်း အေးဆေးပါပဲ။ GTA V ၊ Rise of the Tomb Raider စတဲ့ PC ဂိမ်းအမြင့်တွေကို  1080p မှာ average 60 fps လောက်နဲ့ ချောချောမွေ့မွေ့ ကစားနိုင်ပါတယ်။ Dota 2 လို Esports ဂိမ်းတွေ ဆိုရင်တော့ Max Settings မှာ 100 fps လောက် အသာလေး ရပါတယ်။ ဒါပေမယ့် သူ့ Display ကတော့ 60Hz Refresh Rate ပဲ ရမှာပါ။ အခုဆို Gaming Laptop တော်တော်များများက 120Hz Display တွေ ဖြစ်နေပြီ ဆိုတော့ ကိုယ်က Game ဆော့ဖို့ အဓိကဆို ROG တို့ TUF တို့ပဲ ရွေးချယ်သင့်ပါတယ်။ 

ကမ္ဘာ့ပထမဆုံး 4K Dual Screen နှစ်ခု ပါ Laptop

ဒါဆို ဒီ Laptop ရဲ့ အဓိက Feature ဖြစ်တဲ့ Dual Screen ကို ရှိုးရအောင်။ ပြောခဲ့သလို Main Display က 15.6-inch 4K OLED HDR Display ဖြစ်ပါတယ်။ 15.6-inch Display ဆိုပေမယ့် Bezen ပျောက်ဆိုတော့ Laptop ကိုယ်ထည်က ၁၄ လက်မ Laptop တလုံးစာလောက်ပဲ ရှိပါတယ်။ တကယ့်ကို ကျစ်ကျစ်လေးပါ။ RTX ကတ်တွေ Dual Screen တွေနဲ့ဆိုတော့ ဘော်ဒီကတော့ နည်းနည်းလေး ထူပါတယ်။ ZenBook အစဉ်အလာနဲ့ ထူတယ်လို့သာ ပြောရတာပါ။ တကယ်တမ်းတော့ သာမန် Laptop တလုံးလောက်တောင် မထူပါဘူး။ 

Display Quality ကတော့ OLED ဆိုတော့ ပြောနေစရာတောင် မလိုပါဘူး။ ရှားရှားပါးပါး OLED Laptop တွေထဲက တလုံး ပါ။  Brightness တော်တော်လေးကောင်းပြီး၊ ကာလာတွေက လုံးဝ စိုစွတ်တောက်ပနေပါတယ်။ DCI-P3 Color Gamut 100% အပြည့်အဝ ပြပေးနိုင်ပြီး၊ အရောင်အသွေးတွေနဲ့ အလုပ်လုပ်နေရတဲ့ Creators တွေ တကယ်သဘောကျမယ့် Display ဆိုတာ အာမခံပါတယ်။ ဂိမ်းဆော့မလား ရုပ်ရှင်ကြည့်မလား Multimedia ပိုင်းမှန်သမျှ အကုန် Feel အပြည့် ခံစားနိုင်မှာပါ။ 

Laptop အသုံးပြုမှုပုံစံကို ဦးဆောင်ပြောင်းလဲမယ့် ScreenPad Plus

Main Display အောက်မှာ Secondary အပို Display တခု ပါတဲ့ Laptop တွေကို ကျနော်တို့ တွေ့ဖူးပြီးသားပါ။ ASUS ကိုယ်တိုင် မနှစ်ကထုတ်တဲ့ ZenBook Pro 15 မှာလည်း တွေ့ခဲ့ပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် အရင်က Secondary Display ဆိုတာ လူစိတ်ဝင်စားအောင် ဆွဲဆောင်တဲ့ ဟန်လုံးသက်သက် Gimmick လောက်ပဲ ရှိပါတယ်။ တကယ့် တကယ်တမ်းမှာ အဲ့လောက်ကြီး အသုံးမဝင်ပါဘူး။ ဒါပေမယ့် ဒီ အစဉ်အလာကို ASUS က ရိုက်ချိုးပြလိုက်ပါပြီ။ 

ကျနော်ကိုယ်တိုင်လည်း ဒီ Laptop ကို စကိုင်ကြည့်တုန်းက ဟုတ်ကော ဟုတ်ပါ့မလားလို့ သံသယ ဝင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် တကယ် စမ်းသုံးကြည့်တဲ့အခါမှာတော့ ထင်ထားတာထက်ကို ပိုအသုံးဝင်တာ တွေ့ရပါတယ်။ အထူးသဖြင့် Multitasking လုပ်လို့ တော်တော် ကောင်းပါတယ်။ တချို့ Secondary Display တွေလို ပိစိလောက်လေး မဟုတ်ဘဲ ၁၄ လက်မ ဆိုဒ်ပြည့် Display ကြီး ဖြစ်နေတာကြောင့်ပါ။ Laptop Body တဝက်ကျော်လောက်က ScreenPad Plus ကြီး ဖြစ်ပါတယ်။ External Monitor တလုံးကို Laptop မှာ ကပ်ထည့်ပေးလိုက်သလိုပါပဲ။ Windows ကလည်း ဒီကောင့်ကို External Display လို့ပဲ Detect လုပ်မှာပါ။ ဆိုတော့ ကျနော်တို့ နောက် မော်နီတာ တလုံးချိတ်သုံးသလို Extened လုပ်မလား၊ Duplicate လုပ်မလား အကုန်လုပ်နိုင်မှာပါ။ ပြီးတော့ ဒီကောင်ကလည်း 4K ပါပဲ။ Brightness ကော  ကြည်လင်ပြတ်သားမှုပါ ကောင်းပါတယ်။ ထိုင်နေရင်း ငုံ့ကြည်ရတာတောင် အကုန်ရှင်းရှင်းလင်းလင်း မြင်ရမှာပါ။ ကာလာပိုင်းမှာ အပေါ်က OLED ကို မမီတာကလွဲလို့ ဘာမှ ပြောစရာ မရှိပါဘူး။ 

ASUS ကလည်း ဒီ ScreenPad Plus ကို အကောင်းဆုံး အသုံးချနိုင်ဖို့ လုပ်ပေးထားပါတယ်။ အပေါ်  Display က ဖွင့်ထားတာကို အောက် Display ပြောင်းတာ၊ အောက် Display မှာ Apps တွေ နေရာချိန်တာ စသဖြင့် ထည့်ပေးထားတဲ့ Features တွေကလည်း တော်တော်လေး သုံးရလွယ်တာကြောင့် တရက်အတွင်း ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်သွားမှာပါ။ ကျနော် သဘောအကျဆုံးကတော့ အပေါ်နဲ့ အောက်ကို ဆက်ပြီး Browsing လုပ်ရတာပါ။  Content Creators တွေဆိုရင် ပိုလို့တောင် အသုံးဝင်မှာပါ။

Edting လုပ်နေရင် Timeline တွေ၊ Toolbars တွေ၊ Library တွေကို အောက် Display မှာ ထားပြီး အလွယ်တကူ သုံးနိုင်ပါတယ်။ ဂိမ်းဆော့ရင်း Stream လွှင့်မယ်ဆိုရင်လည်း အောက်မှာ Discord, Facebook ဘာညာဖွင့်ပြီး ဆော့နေရင်း ပြန်ပြောလို့ ရပါတယ်။ Alt+Tab လုပ်စရာမလိုတော့ပါဘူး။ အောက်က ဟာကိုပဲ လိုက်ကြည့်နေရင်တော့ ဂိမ်းထဲ အာရုံပျက်မှာပေါ့။ Apps တော်တော်များများကို အောက် Screen ထဲ ထည့်သုံးနိုင်ပေမယ့် ဂိမ်းအများစုကိုတော့ အောက်စခရင်ထဲ ထည့်ပြီး ဆော့လို့ မရသေးပါဘူး။ အော် ဒါနဲ့ Dota ၊ LoL ၊ Fortnite စတဲ့ Competitive Game ဆော့တဲ့လူတွေ ဆိုရင် အသုံးဝင်မယ့် App တခု ရှိပါတယ်။ Overwolf ဆိုတဲ့ App ပါ။ ဒီလို Secondary Screen တွေအတွက် ASUS နဲ့ ပေါင်းထုတ်ပေးထားတာ ဖြစ်ပါတယ်။ သူက ဆော့နေရင်းနဲ့ ပွဲဒေတာတွေကို Real-time ပြပေးနိုင်တော့ Gamer တွေအတွက် အသုံးတည့်မှာပါ

Pen နဲ့ အလိုက်ဖက်ဆုံး Secondary Display

Display နှစ်ခုစလုံးက Touch ရတော့ တွဲသုံးဖို့အတွက် Pen တချောင်းပါ ASUS က တခါတည်း ထည့်ပေးလိုက်ပါတယ်။ ဘယ်လို သုံးရမလဲ တိုင်ပတ်နေလို့ အင်တာနက်ရှာကြည့်လိုက်တော့မှ Pen အထဲမှာ ဘက်ထရီ မဝင်အောင် ပလတ်စတစ်ပြားလေး ခံပေးထားတယ်ဆိုတာ သိရတာပါ။ Pen ထိပ်ဖုံးကို လှည့်ချွတ်ပြီး ပလတ်စတစ်စလေး ဖြုတ်ပေးလိုက်ရင် Pen သုံးနိုင်ပါပြီ။ AAAA ဘက်ထရီနဲ့ ဖြစ်ပါတယ်။ ၁၀ နာရီလောက် အသုံးခံတယ်လို့ ASUS က ပြောထားပါတယ်။ 

Display နှစ်ခုမှာ အောက် Display က Pen ဆွဲလို့ အကောင်းဆုံးပါ။ သာမန် ပုံဆွဲသလို လက်တင်ဆွဲနိုင်တဲ့ အနေအထားမှာ ရှိသလို၊ အရွယ်လည်း ကြီးတာကြောင့် လုံးဝ အဆင်ပြေပါတယ်။ Pen ရဲ့ Pressure Levels ကလည်း 1,024 အထိ ရှိတာကြောင့် ပုံဆွဲ၊ စာရေး လို့လည်း တော်တော်လေးကောင်းပါတယ်။ 

အရွယ်အစားပြည့် Keyboard

ကီးဘုတ်ကတော့ အောက်ခံမီးအဖြူနဲ့ ရိုးရိုး Chiclet ကီးဘုတ်ပါပဲ။ ကီးဘုတ်နေရာက သေးနေပေမယ့် ကီးတွေ အရမ်းပြွတ်မနေဘဲ စာရိုက်လို့ အဆင်ပြေတဲ့ အနေအထားမှာ ရှိပါတယ်။ Shortcut Keys တွေကော Numpad တွေလည်း အစုံ ပါဝင်ပါသေးတယ်။

ကီးဘုတ်က သာမန် Laptop အနေအထားနဲ့ဆို လက်တင်တဲ့ နေရာမှာ ရောက်နေတာကြောင့် အမြင်တမျိုး ဖြစ်နေတာကလွဲရင် သုံးရတာ အခက်အခဲ မရှိပါဘူး။ ဒီတိုင်း ရိုက်မယ်ဆိုရင်တော့ လက်ဖနောင့်က အောက်ရောက်နေတော့ ကြာရင် ညောင်းလာတတ်ပါတယ်။ ဒီအတွက်လည်း ပူစရာတော့ မရှိပါဘူး။ ASUS က လက်တင်ဖို့ Palm Rest တခုပါ ဘူးထဲ ထည့်ပေးလိုက်မှာပါ။ သံလိုက်နဲ့ ကပ်လိုက်ရုံပဲ ဆိုတော့ အလုပ်လည်းမရှုပ်ပါဘူး။ 

အော် ဒါနဲ့ Numpad ကလည်း ရိုရိုး Numpad မဟုတ်ဘူးနော်။ Trackpad လိုကော Numpad လိုပါ သုံးနိုင်တဲ့ ScreenPad ပါ။ အပေါ်နေရာလေးကို ၁ စက္ကန့်လောက် ဖိနှိပ်ထားလိုက်ရင် Trackpad နဲ့ Numpad ပြောင်းနိုင်ပါတယ်။

သူကလည်း Gimmick မဟုတ်ပါဘူး။ သုံးရတာ ခက်တယ် ထင်ရပေမယ့် တကယ်တမ်းတော့ ချောချောမွေ့မွေ့ပါပဲ။ ကျနော့်လို Trackpad မကြိုက်တဲ့လူတောင် ဒီကောင်လေးကို ခိုက်သွားတယ်။

အရည်အသွေးကောင်းမွန်တဲ့ Audio 

Harman Kardon စပီကာတွေ ထည့်ပေးထားတာကြောင့် အသံအရည်အသွေးကတော့ ကောင်းမွန်ပါတယ်။ ဒါပေမယ့် ဒီ မော်ဒယ်အဆင့်နဲ့ဆို အသံထွက် နည်းနည်းလေး လိုနေသေးသလိုတော့ ခံစားရပါတယ်။ ကြည်လင်ပြတ်သားမှုရှိပေမယ့် အသံထွက် တိုးနေသေးသလိုပါပဲ။ ASUS Gaming Laptop တွေလို Audio ကောင်းလို့ကတော့ ရှယ် မိုက်သွားမှာပါ။ Gaming Laptop တွေလို Speakers Boost ဖို့ ဘာ Audio Software မှလည်း ပါမလာပါဘူး။ နားကြပ်ပေါက်ပါသေးတာတော့ ကျေးဇူးတင်ရမှာပါ။ 

Cooling, Extra Softwares and Ports

Laptop ဆိုတဲ့အတိုင်း Heat ကတော့ ကိုယ်သုံးတဲ့အပေါ် မူတည်ပြီး နည်းနည်းတော့ ထွက်ပါလိမ့်မယ်။ ဒါပေမယ့် အရမ်းပူတဲ့ အဆင့်ထိ မရောက်ပါဘူး။ လေဝင်လေထွက်ကောင်းအောင် အပေါ်ကို မြှင့်ထားတဲ့ ErgoLift ဒီဇိုင်းကြောင့်ရယ်၊ အတွင်းမှာသုံးထားတဲ့ Heat Pipes ငါးချောင်းပါ Cool-Air စနစ်ကြောင့် ဖြစ်မှာပါ။ ပန်ကာတွေကိုလည်း ဒလက် ၇၁ ခု အထိ ပါတာတွေ သုံးထားတာကြောင့် လေထွက်အား တော်တော်ကောင်းပါတယ်။ ထူးထူးခြားခြား ပန်ကာ ဆူညံသံ သိပ်မရှိတာ သတိထားမိပါတယ်။ Fan Speed ကိုတော့ Turbo နဲ့ Auto နှစ်မျိုးပဲ ချိန်နိုင်မှာပါ။ ပြီးတော့ MyASUS App နဲ့ McAfee Anti-virus က လွဲလို့ Tweak လုပ်နိုင်မယ့် Tools တွေ၊ တခြား အသုံးဝင်တဲ့ Third-party Software တွေလည်း မထည့်ပေးထားပါဘူး။ MyASUS App ထဲကနေပဲ ကိုယ့်အတွက် အသုံးဝင်မယ့် Apps တွေ ယူရမှာပါ။ Free ရတာလည်း သိပ်များများစားစား မရှိပါဘူး။

Ports တွေအနေနဲ့ ZenBook Pro Duo မှာ USB-C/Thunderbolt 3 တပေါက်၊ USB 3.1 Type-A နှစ်ပေါက်၊ HDMI တပေါက်နဲ့ ဂျက်ပင်ပေါက်တို့ ပါဝင်ပါတယ်။ SD Card Slot နဲ့ DVD Drive တွေတော့ ပါဝင်မှာ မဟုတ်ပါဘူး။ 

သုံးသပ်ချက်

ASUS ZenBook Pro Duo ဟာ The Laptop of Tomorrow ဆိုတဲ့အတိုင်း လက်ရှိ Laptop တွေထက် ခေတ်ရှေ့ပြေးနေတဲ့ Laptop တလုံးပါ။ သူ့ Target ကလည်း Creative Professionals တွေအတွက်ဆိုတော့ သာမန် User တယောက်အနေနဲ့တော့ သိပ်ကိုက်မှာ မဟုတ်ပါဘူး။ အချိန်ပြည့် ခရီးထွက်နေရတဲ့ Videographer တွေ၊ Content Creator တွေ စတဲ့ ပရော်ဖက်ရှင်နယ်သမားတွေတော့ အကြိုက်တွေ့မှာပါ။ Touch ရတဲ့ 4K Display နှစ်ခု၊ ဘယ် Laptop နဲ့မှ မတူ ဆန်းသစ်တဲ့ ဒီဇိုင်း၊ High End Specs တွေကို ပြန်ကြည့်ရင် ဒေါ်လာ ၃,၀၀၀ က များတယ်လို့ မဆိုသာပါဘူး။ 

%d bloggers like this: