Iris (မျက်ဝန်း) စကင်နာပါဝင်တဲ့ ဒေါ်လာ ၂၀၀ တန် Samsung Galaxy Tab Iris

Samsung ဟာ မျက်ဝန်းလွှာဖတ်စကင်နာပါဝင်တဲ့ တက်ဘလက်အသစ်တစ်မျိုးကို မကြာသေးမီက မိတ်ဆက်သွားခဲ့ပါတယ်။ Galaxy Tab Iris လို့ အမည်ပေးထားတဲ့ ယခုတက်ဘလက်ဟာ အိန္ဒိယအစိုးရနဲ့ အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်တွေအတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်ပြီး၊ အိန္ဒိယမှာပဲ ဝယ်ယူရရှိနိုင်ပါသေးတယ်။

ဈေးနှုန်းအားဖြင့် ဒေါ်လာ ၂၀၀ ဝန်းကျင်သာရှိပြီး၊ Android 5.0 အသုံးပြုထားတဲ့ Galaxy Tab Iris မှာ ၇ လက်မအရွယ် WSVGA (1024×600) display နဲ့ 1.2 GHz quad-core ပရိုဆက်ဆာတို့ ပါရှိပါတယ်။ ဘက်ထရီအနေနဲ့လည်း 3600mAh ပါရှိပြီး၊ ကျန်တဲ့အသေးစိတ်အချက်အလက်တွေကတော့ သာမန်စွမ်းဆောင်ရည်လတ် တက်ဘလက်တစ်လုံးအတိုင်းပါပဲ။

ဒါပေမယ့် ထူးခြားချက်ကတော့ Iris ကင်မရာပါဝင်လာတာဖြစ်ပါတယ်။ Iris ကင်မရာဟာ လူတစ်ယောက်ရဲ့ မျက်ဝန်း ( သူငယ်အိမ်ဘေးနားက အရောင်ရှိအဝိုင်း) ကို စကင်ဖတ်ကာ လူတစ်ဦးနဲ့ တစ်ဦး မတူညီတဲ့၊ ရှုပ်ထွေးတဲ့အစင်းအပြောက်သဏ္ဍာန်ကို မှတ်သားပြီး၊ ပိုင်ရှင်စစ်မှန်ကြောင်း ခွဲခြားအတည်ပြုပေးတာဖြစ်ပါတယ်။

Samsung ရဲ့ ပြောကြားချက်အရ၊ ဒီတက်ဘလက်ဟာ စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရလုပ်ငန်းစဉ်တွေကို ပိုမိုမြန်ဆန်စေမှာဖြစ်ပြီး၊ လူတစ်ဦးတစ်ယောက်စစ်မှန်ကြောင်း သက်သေပြဖို့အတွက်၊ စာရွက်စာတမ်းတွေ၊ လက်မှတ်တွေနဲ့ တခြားအချိန်ကုန်တဲ့လုပ်ငန်းစဉ်တွေ လိုအပ်တော့မှာမဟုတ်ဘူးလို့ သိရပါတယ်။

ဒါပေမယ့် ယခု မျက်ဝန်းလွှာနဲ့ identity စစ်တဲ့ နည်းပညာဟာ ကမ္ဘာ့နည်းပညာနယ်ပယ်မှာ အငြင်းပွားဖွယ်ရာ နည်းပညာတစ်ရပ်အနေနဲ့သာရှိသေးတာကြောင့် အိန္ဒိယပြင်ပမှာတော့ ယခုလက်ပ်တော့ကို ရရှိဖို့ မသေချာသေးပါဘူး။

အိန္ဒိယမှာ Galaxy Tab Iris ရရှိရတဲ့အကြောင်းရင်းကတော့၊ အိန္ဒိယအစိုးရဟာ အပိုစာရွက်စာတမ်းတွေ၊ လာဘ်စားမှုတွေကင်းစင်တဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုဖြစ်အောင် အားထုတ်ကြိုးပမ်းနေတဲ့ အချိန်ဖြစ်ပြီး၊ ဒီအတွက် လူတစ်ဦးတစ်ယောက်ရဲ့ ဇီဝဗေဒဆိုင်ရာအချက်အလက်ကိုပဲ အားကိုးနေရတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။

Ref: The Verge, Venture Beat

 

%d bloggers like this: