Porsche Design နဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ 2-in-1 လက်ပ်တော့အသစ်တစ်လုံးကို Microsoft ထုတ်ဖော်ပြသ

Microsoft ဟာ လက်ရှိ တိုင်ပေမှာ ကျင်းပပြုလုပ်လျက်ရှိတဲ့ အပြည်ပြည်ဆိုင်ရာနည်းပညာပြပွဲ Computex 2016 မှာ ဂျာမန်ကားကုမ္ပဏီ Porsche ရဲ့ လက်အောက်ခံကုမ္ပဏီ Porsche Design နဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ 2-in-1 Windows လက်ပ်တော့အသစ်တစ်လုံးကို မိတ်ဆက်ပြသသွားခဲ့ပါတယ်။

Microsoft OEM ဌာနရဲ့ ဒုတိယအကြီးအကဲဖြစ်သူ Nick Parker ကိုယ်တိုင် စင်ပေါ်တက် ပြသသွားခဲ့တဲ့ ယခုလက်ပ်တော့ဟာ မျက်နှာပြင် ၁၃.၃ လက်မအရွယ်ရှိတဲ့ 2-in-1 လက်ပ်တော့-တက်ဘလက် နှစ်မျိုးသုံး လက်ပ်တော့တစ်မျိုးဖြစ်ပြီး၊ Cortana (ဒီဂျစ်တယ်အထောက်အကူပြုဆော့ဖ်ဝဲ)  ၊ Windows Hello (ပိုင်ရှင်မျက်နှာမှတ်သားနိုင်တဲ့စနစ်) စတဲ့ feature တွေအပြင်၊ ယခုနွေရာသီမှာ အသစ်ထွက်ရှိလာမယ့် Windows နှစ်ပတ်လည် update ထဲက feature အသစ်တွေပါ ပါဝင်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလက်ပ်တော့ကို ပူးပေါင်းထုတ်လုပ်ခဲ့တဲ့အထဲမှာ Porsche Desgin အပြင် နောက်ထပ် OEM ( အစိတ်အပိုင်းထုတ်လုပ်သူကုမ္ပဏီ) တစ်ခုလည်း ရှိသေးပြီး၊ နာမည်အတိအကျကိုတော့ Microsoft က ထုတ်မပြောခဲ့တာကို တွေ့ရပါတယ်။

Intel ရဲ့ ပရိုဆက်ဆာသုံးထားပြီး၊ လာမယ့် ဆောင်းရာသီမှာ ဝယ်ယူရရှိမှာဖြစ်တယ်ဆိုတာကလွဲလို့ ကျန်တဲ့ လက်ပ်တော့အသေးစိတ်အချက်အလက်တွေကိုလည်း ထုတ်ဖော်ပြောကြားသွားခြင်းမရှိခဲ့ပါဘူး။

ယခုနှစ် Computex ပွဲမှာ Microsoft ဟာ Porsche Design နဲ့ ထုတ်ထားတဲ့ 2-in-1 လက်ပ်တော့အပြင်၊ တခြား OEM ကုမ္ပဏီတွေဖြစ်တဲ့  Dell ၊ Acer ၊ Asus ၊ HP တို့နဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ PC နဲ့ နုတ်ဘွတ်ခ် တွေကိုလည်း မိတ်ဆက်ပြသသွားခဲ့ပါတယ်။

Ref: Gadgets 360, The Verge

%d bloggers like this: