အရည်အသွေးကောင်း၊ ဈေးချိုတဲ့ Redmi 8 စမတ်ဖုန်းကို မိတ်ဆက်

ဖုန်းတလုံးကို ဒေါ်လာ ၁၀၀ ကျော်လောက်ပဲ သုံးချင်သူတွေအတွက် Xiaomi ရဲ့ တန်ဖိုးနည်းဖုန်းအသစ် “Redmi 8” ထွက်ရှိလာပါပြီ။ ယနေ့ပဲ အိန္ဒိယနိုင်ငံမှာ တရားဝင် မိတ်ဆက်ပေးလိုက်တာပါ။ လွန်ခဲ့တဲ့ ၂ ပတ်လောက်ကမှ မိတ်ဆက်ထားတဲ့ “Redmi 8A” ရဲ့ မော်ဒယ်အသစ် ဖြစ်ပါတယ်။ စွမ်းဆောင်ရည်အားဖြင့် သိပ်မကွာပေမယ့် အရည်အသွေးပိုင်း၊ ကင်မရာနဲ့ ဘက်ထရီတွေ ပိုကောင်းလာတာ တွေ့ရပါတယ်။

Redmi 8 မှာ HD+ Resolution ရှိတဲ့ 6.22-inch IPS LCD Display ကို အသုံးပြုထားပြီး၊ Waterdrop Notch နဲ့ပဲ ဖြစ်ပါတယ်။ ရှေ့မျက်နှာပြင်ဒီဇိုင်းက အရင် Redmi 8 နဲ့ သိပ်မကွာပေမယ့် ကျောဘက်မှာတော့ ဒီဇိုင်းပြောင်းသွားပါတယ်။ Xiaomi ရဲ့ Aura Mirror ဒီဇိုင်းအသစ် ဖြစ်သွားတာပါ။

ကျောဘက်ကိုယ်ထည်က လက်ရှိ Mid-range ဖုန်းတွေလို Glass ဖြစ်သွားတာက အမိုက်ဆုံး Upgrade လို့ ပြောနိုင်ပါတယ်။ ဒါ့အပြင် အရင် Redmi 8A တုန်းက မပါခဲ့တဲ့ လက်ဗွေရာဆန်ဆာကိုလည်း ကျောဘက်မှာ တွေ့မြင်ရမှာပါ။

ကျောကင်မရာ၊ လက်ဗွေရာနဲ့ Redmi တံဆိပ်တို့ကို အလယ်ခေါင်မှာ အတန်းလိုက် ထည့်ထားတဲ့ ဒီဇိုင်းက တမျိုးဆွဲဆောင်မှု ရှိပါတယ်။ ဟိုးအောက်ဆုံးထိ အတန်းလိုက် ဒီဇိုင်းမဖော်ထားဘဲ Redmi တံဆိပ် ပါရုံလောက်ပဲ လုပ်ထားတာက ပိုလှတယ်လို့ ထင်ပါတယ်။ ဒါ့အပြင် ဖန်သားကိုယ်ထည်နဲ့ ဆိုတော့ တန်ဖိုးနည်းဖုန်းတလုံးလို့ ထင်စရာ မရှိပါဘူး။ ရှေ့ Display ကိုပါ Gorilla Glass 5 အုပ်ပေးထားတဲ့ ရှားရှားပါးပါး ဘတ်ဂျတ်ဖုန်းတလုံး ဖြစ်ပါတယ်။

အရင် Redmi 8A တုန်းက ကျောကင်မရာတလုံးတည်း ဖြစ်ပေမယ့် အခု Redmi 8 မှာတော့ Dual ဖြစ်သွားပါပြီ။ Main Camera က 12MP f/1.8 Sony IMX 363 Sensor နဲ့ Secondary က 2MP Depth Sensor ဖြစ်ပါတယ်။ အိန္ဒိယအတွက် သီးသန့် Mode ၆ ခု အပါအဝင် စုစုပေါင်း AI Scene Detection Mode ပေါင်း ၃၃ ခုအထိ ပါဝင်မှာ ဖြစ်ပါတယ်။ Face Unlock လည်း ရမှာပါ။ ရှေ့ကင်မရာကတော့ 8MP f/.20 တလုံးတည်းပါပဲ။

Redmi 8A မှာ သုံးထားတဲ့ Snapdragon 439 SoC ကိုပဲ ပြန်လည် အသုံးပြုထားတာကြောင့် စွမ်းဆောင်ရည်ကတော့ သိပ်ကွာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် RAM 4GB ရလာသလို၊ Storage ကိုလည်း 64GB အထိ ရပြီ ဖြစ်ပါတယ်။ မလောက်သေးရင် microSD ကတ်ကို 512GB အထိ ထပ်စိုက်နိုင်ဦးမှာပါ။

Redmi 8 မှာ နောက်ထပ်အားစရာစရာ Upgrade တခုကတော့ ဘက်ထရီ ဖြစ်ပါတယ်။ ကြီးမားတဲ့ 5,000mAh ဘက်ထရီ ထည့်ပေးထားပြီး၊ 18W Fast Charging လည်း သုံးနိုင်ပါတယ်။ ဒါပေမယ့် ဘူးထဲမှာ 10W Charger ပဲ ပါလာမှာကိုတော့ သတိပြုရမှာပါ။ Wireless FM Radio၊ 3.5mm ဂျက်ပင်ပေါက်၊ IR Blaster ၊ USB Type-C စသဖြင့် Connectivity အစုံအလင် ပါဝင်ပါတယ်။

ဘတ်ဂျတ်ဖုန်း ဆိုသော်ငြား P2i Nano Coating အုပ်ပေးထားတာကြောင့် ရေစက်ဖိတ်စင်မှုဒဏ် ခံနိုင်ရည်ရှိမှာပါ။ ဈေးနှုန်းကတော့ အနိမ့်ဆုံး 3GB/32GB မော်ဒယ်ကို ရူပီး ၇,၉၉၉ (၁၁၂ ဒေါ်လာ) ပါ။ 4GB RAM နဲ့ 64GB Storage မော်ဒယ်ကိုမှ ရူပီး ၈,၉၉၉ (၁၂၆ ဒေါ်လာခန့်) ပဲ ရှိပါတယ်။

Sapphire Blue ၊ Onyx Black နဲ့ Ruby Red ဆိုပြီး သုံးရောင် ထုတ်ပေးသွားမှာပါ။ အိန္ဒိယမှာ အောက်တိုဘာ ၁၂ ကစပြီး Flipkart နဲ့ Mi.com Website တွေနဲ့ Mi Home စတိုးတွေကနေ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ ယူကရိန်းမှာတော့ 4/64GB ကို ၁၈၁ ဒေါ်လာ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

Ref: XDA Developers, GSM Arena

Unicode

အရည်အသွေးကောင်း၊ စျေးချိုတဲ့ Redmi 8 စမတ်ဖုန်းကို မိတ်ဆက်

%d bloggers like this: