Samsung Galaxy Tab S6 ကို 5G ဗားရှင်း ထုတ်မည်

ပြီးခဲ့တဲ့ ဇူလိုင်လက စတင်မိတ်ဆက်ပေးခဲ့တဲ့ Samsung Galaxy Tab S6 ဟာ လက်ရှိမှာ အကောင်းဆုံး Android Tablet တလုံး ဆိုတာ ငြင်းစရာရှိမယ် မထင်ပါဘူး။ သိပ်မကြာခင်မှာ ဒီ့ထက်တောင် ပိုကောင်းလာပါဦးမယ်။ ဘာလို့လည်းဆိုတော့ Samsung က Galaxy Tab S6 ကို 5G ဗားရှင်းဆိုပြီး ထပ်ထုတ်နေလို့ပါ။ အခုအချိန်ထိ ဘယ်ကုမ္ပဏီမှ 5G Tablet ထုတ်နေတာ မကြားရသေးတဲ့အတွက် Tab S6 ဟာ ကမ္ဘာ့ပထမဆုံး 5G Tablet လည်း ဖြစ်လာဖို့ များပါတယ်။

ဒီအကြောင်းကိုတော့ Wi-Fi နဲ့ Bluetooth အသိအမှတ်ပြုလက်မှတ် Database ထဲကနေ GalaxyClub ဝဘ်ဆိုဒ်က စတင်သိရှိခဲ့တာ ဖြစ်ပါတယ်။ မော်ဒယ်နံပါတ် SM-T866N နဲ့ တွေ့ခဲ့ရတာပါ။ “N” ဆိုတာ ပုံမှန်အားဖြင့် တောင်ကိုရီးယားကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒါကြောင့် တောင်ကိုရီးယားမှာပဲ ထုတ်ပေးမယ်လို့ ယူဆရပါတယ်။

Samsung ရဲ့ မိခင်နိုင်ငံ တောင်ကိုရီးယားကလည်း လောလောဆယ်မှာ 5G ကွန်ရက် အသုံးပြုသူအများဆုံး နိုင်ငံတခု ဖြစ်ပါတယ်။ Galaxy S10 5G ဆိုလည်း တောင်ကိုရီးယားမှာ တော်တော်လေး ရောင်းကောင်းတဲ့ ဖုန်းတလုံးပါ။ နောက်ထပ် 5G ဗားရှင်း Samsung ဖုန်းတွေဖြစ်တဲ့ Galaxy Fold ၊ Note 10 နဲ့ A90 ဖုန်းတွေဆိုလည်း ကမ္ဘာအနှံ့မှာ ရောင်းအား အတော်အသင့်ကောင်းခဲ့ပါတယ်။ အခုလို 5G ကနဦးကာလမှာ 5G ကွန်ရက် နည်းနေသေးတာရယ်၊ 5G ဖုန်းတွေ ဈေးကြီးသေးနေရယ်တို့ကြောင့် ဒီလို ရောင်းကောင်းဖို့ဆိုတာ မလွယ်ပါဘူး။

Samsung Galaxy Tab S6 ဟာ စတင်ထွက်ရှိစဉ်ကတည်းက HDR10+ Display ပါဝင်တဲ့ ကမ္ဘာ့ပထမဆုံး Tablet ဆိုတဲ့ ဂုဏ်ပုဒ်ကို သိမ်းပိုက်နိုင်ခဲ့တဲ့ Tablet တလုံး ဖြစ်ပါတယ်။ ယခုသတင်းအတိုင်းဆို မကြာခင်မှာ ကမ္ဘာ့ပထမဆုံး 5G Tablet ဂုဏ်ပုဒ်ကိုပါ ထပ်မံ သိမ်းပိုက်တော့မယ့်ပုံပါပဲ။

Galaxy Tab S6 ဟာ လက်ရှိမှာလည်း အကောင်းဆုံး Android Tablet တလုံး ဖြစ်တာကြောင့် 5G ဗားရှင်းထွက်လာလည်း သေချာပေါက် ရောင်းကောင်းဦးမှာ ဖြစ်ပါတယ်။ သတင်းထွက်နေတဲ့အတိုင်း တောင်ကိုရီးယားမှာပဲ ရောင်းဖို့ ရှိ၊ မရှိ ဆိုတာ တခုပဲ စောင့်ကြည့်ရမှာပါ။ ဒါပေမယ့် အခုဆို ကမ္ဘာ့မြို့ကြီးအချို့မှာလည်း 5G တွေ ရကြနေပြီဆိုတော့ တောင်ကိုရီးယားအပြင်လည်း ရောက်လာမယ်လို့ ထင်ပါတယ်။

Ref: GSM Arena, Android Authority

Samsung Galaxy Tab S6 ကို 5G ဗားရှင်း ထုတ်မည်

%d bloggers like this: