ဘယ်နေရာမှာ ဟွန်းတီးရမယ်ဆိုတာ သိနေပြီဖြစ်တဲ့ Google မောင်းသူမဲ့ကား

Google ရဲ့ မောင်းသူမဲ့ကား ဟာတစ်ရက်ထက်တစ်ရက် ပိုမိုထက်မြက်လာရုံမက ပိုမိုယဉ်ပါးလာတယ်ဆိုတာ ယခုတော့ထပ်မံသက်သေပြလိုက်ပါပြီ။ ပြီးခဲ့တဲ့လက ဒီပရောဂျက်ရဲ့ မောင်းသူမဲ့ကားအဖွဲ့ အစီရင်ခံစာအရ Google ရဲ့ ကားရဲ့ AI ဟာ လူသားယာဉ်မောင်းတစ်ယောက်လို ဘယ်နေရာ ဘယ်အချိန်တွေမှာ ဘယ်လိုဟွန်းတီးရမယ်ဆိုတာကို သိနေပြီလို့ ဆိုပါတယ်။

ဟွန်းတီးဖို့အတွက် ဆွဲထားတဲ့ အယ်လ်ဂိုရစ်သမ်အရ၊ အဖွဲ့အနေနဲ့ ဟွန်းတီးဖို့အတွက် ကားတစ်စင်းက ရုတ်တရက်နောက်ဆုတ်ပြီးထွက်လာတာ၊ တစ်လမ်းမောင်းတဲ့လမ်းထဲကို ကားတစ်စင်းက လမ်းမှားပြီး ဝင်ရောက်လာတာတို့လို များစွာသောအခြေအနေ တွေကို ဖန်တီးစမ်းသပ်ခဲ့ပါတယ်။ ပထမဆုံး ဟွန်းတီးဖို့ AI ဟာ စိုးရွံ့နေပေမယ့် နောက်ပိုင်းမှာ လိမ္မာပါးနပ်စွာ ဟွန်းကိုအသုံးချတတ်လာခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ Goal ကတော့ ကျွန်တော်တို့ကားကို လိမ္မာပါးနပ်ပြီး၊ ချိန်သားကိုက်လှုပ်ရှားတတ်တဲ့ ယာဉ်မောင်းတစ်ယောက်လိုဟွန်းတီးတတ်စေဖို့ပဲဖြစ်ပါတယ်” လို့ အဖွ့ဲရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားခဲ့ပါတယ်။ တခြားဆက်စပ်သတင်းတွေအရ Google ရဲ့ AI ကားအနေနဲ့ ဟွန်းတီးရာမှာတောင် အခြေအနေပေါ်မူတည်ပြီး ဟွန်းသံကို အတိုးအလျှော့ပြုလုပ်နိုင်ဖို့အထိတောင် နီးစပ်နေပြီလို့သိရပါတယ်။

Google Driverless Car စီမံကိန်းဟာ ၂၀၁၁ခုနှစ်က အမေရိကန်ပြည်ထောင်စု၊ နီဗားဒါးပြည်နယ်က မောင်းသူမဲ့ကားအတွက် ခွင့်ပြုချက်ချထားခဲ့ပြီးနောက်ပိုင်းမှာ စတင်ခဲ့ပြီး မောင်းသူမဲ့ကားစီမံကိန်းတွေထဲမှာ ရှေ့ပြေးအဖြစ်ဆုံးနဲ့ အတိုးတက်ဆုံးအဖြစ် တည်ရှိနေခဲ့တာပါ။ ဒါကြောင့် ၂၀၁၆ခုနှစ်၊ မတ်လက အစီရင်ခံစာအရ Google ရဲ့မောင်းသူမဲ့ကားကို အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်ခုနှစ်ခုမှာစမ်းသပ်မောင်းနှင်ခဲ့ပြီးခဲ့ပြီဖြစ်ပါတယ်။

Ref: Engadget

%d bloggers like this: