သတ္တမမြောက်မျိုးဆက် Kaby Lake ပရိုဆက်ဆာ ယခုနှစ်ထဲ ထွက်ရှိမှာဖြစ်ကြောင်း Intel အတည်ပြုပြောကြား

ဆဌမမြောက်မျိုးဆက် “Skylake” ပရိုဆက်ဆာထွက်ပြီး၊ တစ်နှစ်မပြည့်ခင်မှာပဲ ယခုအခါ နောက်ထပ်မျိုးဆက်သစ်ပရိုဆက်ဆာတွေကို ထပ်မံထုတ်လုပ်တော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။

Intel ဟာ “Kaby Lake” လို့ ကုဒ်နံမည်ပေးထားတဲ့ 7th Generation core processor တွေကို လအနည်းငယ် အတွင်းမှာ စတင်ထုတ်လုပ်သွားမှာဖြစ်ပြီး၊ ယခုနှစ်ကုန်ပိုင်းလောက်မှာ စတင်ဖြန့်ချိသွားမှာဖြစ်ကြောင်း Asus ပွဲမှာ သတင်းထုတ်ပြန်သွားခဲ့ပါတယ်။

အင်္ဂါနေ့က၊ တိုင်ပေမြို့မှာပြုလုပ်ခဲ့တဲ့ Asus ရဲ့ “Zenvolution” ပွဲမှာ ယခုသတင်းကို Intel’s Client Computing Group ရဲ့ အထွေထွေမန်နေဂျာဖြစ်သူ Navin Shenoy က အတည်ပြုပြောကြားသွားခဲ့တာဖြစ်ပြီး၊ Asus ရဲ့ Transformer 3 တက်ဘလက်-လက်တော့ဟာ “Kaby Lake” 7th Gen ပရိုဆက်ဆာသုံးထားတဲ့ ပထမဆုံးလက်ပ်တော့ ဖြစ်လာမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အရည်အသွေးမြင့် Kaby Lake ပရိုဆက်ဆာတွေနဲ့အတူ၊ ဘတ်ဂျတ်ကွန်ပြူတာသုံး Celeron ၊ Pentium ပရိုဆက်ဆာတွေနေရာအစားထိုးမယ့် “Apollo Lake” ပရိုဆက်ဆာတွေကိုလည်း တစ်ချိန်တည်းထုတ်လုပ်သွားမှာဖြစ်ပြီး၊ ယခုနှစ်ကုန်မှာ ပြိုင်တူဈေးကွက်တင်သွားမှာဖြစ်တယ်လို့လည်း ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

သတ္တမမြောက်မျိုးဆက် Core Series ပလက်ဖောင်းနဲ့ ပတ်သတ်ပြီး အသေးစိတ်အချက်အလက်တွေကို စင်ပေါ်မှာထုတ်ဖော်မပြောကြားသွားခဲ့ပေမယ့်၊ Thunberbolt 3 ၊ IR ကင်မရာတွေနဲ့ feature အသစ်တွေတော့ ပါဝင်လာမှာဖြစ်တယ်လို့ အရိပ်အမြွက်ပြောကြားသွားခဲ့ပါတယ်။ 5th Gen “Broadwell” နဲ့ 6th Gen “Skylake” ပရိုဆက်ဆာတွေအတိုင်း ၁၄ နာနိုမီတာထုတ်လုပ်မှုနည်းလမ်းအတိုင်း ယခု “Kaby Lake” ပရိုဆက်ဆာကို ထုတ်လုပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Ref: Cnet, Laptop Mag

%d bloggers like this: