Samsung Galaxy S7 ထက် စွမ်းဆောင်ရည်ပိုကောင်းတဲ့ ZTE Axon 7 ဖုန်းအသစ် ထွက်ရှိ

ZTE ဟာ ကုမ္ပဏီရဲ့ အဓိကစမတ်ဖုန်းမော်ဒယ်အသစ်တစ်လုံးကို လွန်ခဲ့တဲ့သောကြာနေ့က တရုတ်နိုင်ငံမှာ စတင်ဖြန့်ချိခဲ့ပါတယ်။ Axon 7 လို့ အမည်ပေးထားတဲ့ ဒီစမတ်ဖုန်းဟာ Samsung Galaxy S7 ထက်တောင် ပိုစွမ်းဆောင်ရည်ကောင်းပြီး၊ ဈေးနှုန်းကလည်း S7 နဲ့ မတိမ်းမယိမ်းပါပဲ။

Axon 7 ဟာ Basic ၊ Standard နဲ့ Premium ဆိုပြီး မော်ဒယ်သုံးမျိုးထွက်ရှိလာတာဖြစ်ကာ၊ Basic မော်ဒယ်က မြန်မာငွေ ၅ သိန်း ၂ သောင်းခန့်၊ Standard မော်ဒယ်က မြန်မာငွေ ခြောက်သိန်းခန့်နဲ့ အကောင်းဆုံး Premium မော်ဒယ်ကတော့ မြန်မာငွေ ၇ သိန်း ၄ သောင်းခန့် ရှိနေပါတယ်။ Premium ဖုန်းမှာတော့ iPhone လိုပဲ ဖိအားသိမျက်နှာပြင် (pressure-sensitive display) ပါဝင်လာပါတယ်။

ဒီဇိုင်းပိုင်းအနေနဲ့၊ အလူမီနီယမ်ကိုယ်ထည်ကို အသုံးပြုထားပြီး၊ Android 6.0 Marshmallow အခြေခံ MiFavor UI 4.0 နဲ့ ဖြစ်ပါတယ်။ microSD ကတ်နဲ့ SIM နှစ်မျိုးစပ် dual-SIM အကန့် ပါရှိပြီး၊ 4G အသုံးပြုနိုင်ပါတယ်။ ဖုန်းမျက်နှာပြင်က ၅.၅ လက်မအရွယ် QHD (2560×1440 pixels) Super Amoled display နဲ့ ဖြစ်ပါတယ်။ ပရိုဆက်ဆာမှာလည်း Qualcomm ရဲ့ 2.2 GHz Snapdragon 820 quad-core ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ ဂရပ်ဖစ်ပိုင်းအတွက် Adreno 530 GPU ပါဝင်ပါတယ်။ RAM ကတော့ 4GB အထိ ပါရှိတာကြောင့်၊ ဖုန်းလုပ်ဆောင်ချက်အပိုင်းက လုံးဝမြန်ဆန်မှုရှိမှာပါ။ ဖုန်း storage ပိုင်းကတော့ 64 GB တပါတည်း ပါဝင်ပြီး၊ 128 GB အထိရှိတဲ့ microSD ကတ်ပါ ထပ်စိုက်ပြီး သုံးနိုင်ပါတယ်။

Premium မော်ဒယ်ဖုန်းမှာ RAM က 6GB အထိ ပါရှိပြီး၊ ဖုန်းတွင်း storage က 128 GB အထိ ပါရှိပါတယ်။ Galaxy S7 ဖုန်းမှာတောင် RAM က 4GB ပဲ ပါရှိတာကြောင့်၊ ZTE ဖုန်းက S7 ထက် စွမ်းဆောင်ရည်ပိုမြင့်မယ် လို့ ယူဆရပါတယ်။ ဒါကတော့ ဖုန်းကို benchmark test တွေ သေချာစစ်ဆေးတိုင်းတာမှုလုပ်ပြီးမှ အဖြေ အတိအကျသိရမှာပါ။ Axon 7 Standard မော်ဒယ်မှာတော့ RAM က 4GB ပဲဖြစ်ပြီး၊ ဖုန်းတွင်း storage 64 GB ဖြစ်သွားပါတယ်။ ဒီအချက်တွေရယ်၊ Foce Touch မပါတာကွာတာရယ်ကလွဲလို့ ကျန်တဲ့အချက်တွေမှာတော့ မော်ဒယ်သုံးမျိုးလုံး တူတူပါပဲ။

ZTE Axon 7 ဖုန်းကို လူကြိုက်များစေမယ့် တစ်ချက်ကတော့ ကျောကင်မရာ 20-megapixel ပါဝင်လာတာဖြစ်ပြီး၊ LED ဖလက်ရှ်နှစ်လုံးတွဲ၊ အပါချာ f/1.8 ၊ autofocus စနစ်တွေဖြစ်တဲ့ OIS ၊ EIS နဲ့ PDAF စနစ်တွေ အစုံပါဝင်တာကို တွေ့ရပါတယ်။ ဗီဒီယိုအနေနဲ့လည်း 4K resolution ရှိတဲ့ ဗီဒီယိုတွေကို 30fps နဲ့ ရိုက်ကူးနိုင်ပြီး၊ စလိုးမိုးရှင်း (အနှေးပြကွက်) တွေကိုလည်း ရိုက်ကူးနိုင်ပါတယ်။ ရှေ့ဆယ်လ်ဖီကင်မရာကတော့ 8-megapixel ပါ။

Axon 7 ဖုန်းရဲ့ နောက်ထပ်အားသာချက်တစ်ခုကတော့ 3140mAh ဘက်ထရီဖြစ်ပြီး၊ Quick Charge 3.0 နည်းပညာပါဝင်တာကြောင့်၊ ဘက်ထရီအား ၅၀ ရာခိုင်နှုန်းကို နာရီဝက်ထဲမှာ အမြန်သွင်းသုံးနိုင်ပါတယ်။ ဘက်ထရီကို ဒီတိုင်းထားထားမယ်ဆိုရင် နာရီပေါင်း ၃၆၀ တိတိခံပြီး၊ ဖုန်းပြောမယ်ဆိုရင် ၁၆ နာရီတိတိ ပြောနိုင်တယ်လို့ ကုမ္ပဏီက ဂုဏ်ယူစွာပြောဆိုထားပါတယ်။

Galaxy S7 ဖုန်းလိုပဲ NFC ၊ USB Type-C အပေါက်တို့ ပါဝင်ပြီး၊ လက်ဗွေရာဆန်ဆာကတော့ ဖုန်းကျောဘက်မှာ ရှိတာတွေ့ရပါတယ်။

ZTE ဟာ ယခု Axon 7 ဖုန်းမှာ အသံပိုင်းဆိုင်ရာကို အထူးကောင်းမွန်အောင်ပြုလုပ်ထားပြီး၊ စပီကာနှစ်လုံးနဲ့ အကောင်းဆုံးအသံအရည်အသွေးကို ပေးစွမ်းနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

Android N ထွက်လာတဲ့အခါကျရင်လည်း ယခုဖုန်းက အစောဆုံး update ရရှိသွားမှာဖြစ်တယ်လို့ ZTE က ကြေငြာထားပြီး၊ Google ရဲ့ DayDream VR ကိုလည်း support လုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒီဖုန်းအပြင် ZTE VR headset ကိုလည်း တပါတည်းမိတ်ဆက်သွားခဲ့ပြီး၊ ဈေးနှုန်း မြန်မာငွေ ကိုးသောင်းခန့်ရှိတယ် ဆိုတာကလွဲလို့ ကျန်တဲ့အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြောသွားခြင်းမရှိခဲ့ပါဘူး။

zte_vr

Ref: Gadgets 360

%d bloggers like this: