Macbook ထက် ပိုပါးပြီး၊ ပိုစွမ်းဆောင်ရည်မြင့်တဲ့ Asus ရဲ့ Zenbook 3 ထွက်ရှိ

Asus ဟာ မနေ့က တိုင်ပေမြို့မှာ ပြုလုပ်သွားခဲ့တဲ့ ‘Zenvolution’ ပွဲမှာ လက်ပ်တော့နဲ့ တက်ဘလက် မော်ဒယ်အသစ်သုံးမျိုးကို စတင်မိတ်ဆက်သွားခဲ့ပါတယ်။

Zenbook 3 ၊ Transformer 3 Pro နဲ့ Transformer 3 လို့ အမည်ပေးထားတဲ့ မော်ဒယ်အသစ်သုံးမျိုးလုံးဟာ Windows 10 စနစ်သုံးတွေချည်းပဲဖြစ်ပြီး၊ ဈေးကလည်း အမြင့်စားတွေပဲဖြစ်ပါတယ်။

Zenbook 3 လက်ပ်တော့ကနေ စကြည့်မယ်ဆိုရင်၊ Asus ရဲ့ ပြောကြားချက်အရ ဒီလက်ပ်တော့ဟာ Apple Macbook Air ထက် ပိုပါးပြီး၊ ပိုလည်း မြန်ဆန်တယ်လို့ သိရပါတယ်။ Corning Gorilla Glass 4 ဖန်သားပြင်ကို အသုံးပြုထားပြီး၊ ဘက်ထရီအားကလည်း ကိုးနာရီတိတိ ခံတယ်လို့ သိရပါတယ်။ Quick Charging နည်းပညာကြောင့် ဘက်ထရီအား ၆၀ ရာခိုင်နှုန်းကို ၄၉ မိနစ်အတွင်းမှာ အမြန်သွင်းနိုင်တယ်လို့ သိရပါတယ်။ အရောင်အားဖြင့် အပြာရောင်၊ အညိုရောင်နဲ့ Rose Gold ကာလာတွေ ရရှိမှာပါ။ အလေးချိန်က ၉၁၀ ဂရမ်ပဲ ရှိပြီး၊ အထူအနေနဲ့ ၁၁.၉ မီလီမီတာသာ ရှိပါတယ်။ ကိုင်ဆောင်ရတာ တကယ်ပေါ့ပါးပါးပါးနဲ့ သွားလေရာ သယ်သွားနိုင်မယ့် လက်ပ်တော့တစ်လုံးပါပဲ။

 

Zenbook 3 (UX390) လက်ပ်တော့မှာ ၁၂.၅ လက်မအရွယ် မျက်နှာပြင်ပါရှိပြီး၊ Intel Core i7 ပရိုဆက်ဆာ၊ RAM 16 GB နဲ့၊ 1 TB SSD တို့ ပါဝင်ပါတယ်။ ဈေးနှုန်းကတော့ ၁၉၉၉ ဒေါ်လာပါ။ ဒီထက် ဈေးပိုသက်သာတာ လိုချင်ရင်တော့ Core i5 ၊ RAM 4GB နဲ့ 256GB SSD မော်ဒယ်ကို ၉၉၉ ဒေါ်လာနဲ့ ဝယ်ယူနိုင်ပါတယ်။ ZenBook 3 မှာ လက်ဗွေရာဆန်ဆာပါဝင်ပြီး၊ မိမိလက်ဗွေရာနဲ့တင် လက်ပ်တော့ကို log in ဝင်ရောက်နိုင်ပါတယ်။

နောက်ထပ်မော်ဒယ်အသစ်တစ်ခုဖြစ်တဲ့ Asus Transformer 3 Pro ကတော့ လက်ပ်တော့နဲ့ တက်ဘလက် နှစ်မျိုးသပ်ဖြစ်ပြီး၊ ၈.၃၅ မီလီမီတာသာ အထူရှိပါတယ်။ Harman Gardon အသံစနစ်နဲ့ ရှေ့စပီကာနှစ်လုံး ပါရှိပြီး၊ Surface Pro 4 ထက် အသံ လေးဆ ပိုကျယ်တယ်လို့ သိရပါတယ်။

transformer_3_pro

Asus Transformer 3 Pro မှာ ၁၂.၆ လက်မအရွယ် (2880×1920 pixels) မျက်နှာပြင်၊ Core i7 ပရိုဆက်ဆာ၊ RAM 16 GB နဲ့ 1TB SSD တို့ ပါရှိပြီး၊ 13-megapixel ကျောကင်မရာတောင် ပါဝင်လာပါတယ်။ Asus Transformer 3 Pro မှာ Stylus တစ်ခုနဲ့၊ Bluetooth စပီကာ ပါဝင်ပြီး၊ ကီးဘုတ်နဲ့ stylus တို့ လည်း ပါဝင်မှာဖြစ်ပါတယ်။ ပရိုဆက်ဆာ ၊ RAM နဲ့ storage မတူတဲ့ မော်ဒယ်အကွဲတွေ ထွက်ရှိမှာဖြစ်ပြီး၊ ဈေးနှုန်းကတော့ အနိမ့်ဆုံး ၉၉၉ ဒေါ်လာ ရှိတယ်လို့ သိရပါတယ်။

asus_transformer_3_white

နောက်မော်ဒယ်တစ်ခုဖြစ်တဲ့ Transformer 3 လက်ပ်တော့ကတော့ ၁၂.၆ လက်မအရွယ် (2880×1920 pixels) မျက်နှာပြင်၊ Harman Kardon စပီကာ၊ လက်ဗွေရာဆန်ဆာတို့ ပါဝင်ပြီး Intel ရဲ့ နောက်ထွက်မယ့် သတ္တမမြောက်မျိုးဆက် Intel Core ပရိုဆက်ဆာကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။ RAM က 8GB အထိ ပါဝင်ပြီး၊ 512GB SSD လည်း ပါဝင်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ကီးဘုတ်အပါအဝင်  အနိမ့်ဆုံး ၇၉၉ ဒေါ်လာ ရှိပါတယ်။

Ref: Gadgets 360

%d bloggers like this: