Volocopter ရဲ့ လေယာဉ် တက္ကစီကို စမ်းသပ်ပျံသန်း

ဂျာမနီ အခြေစိုက် Volocopter က လေယာဉ် တက္ကစီကို ဖန်တီးနေပါတယ်။ သူ့ရဲ့ လေယာဉ်ဟာ မြေပြင်ကနေ ဝေဟင်နဲ့ ဝေဟင်ကနေ မြေပြင်ကို ဒေါင်လိုက် ပျံတက်၊ ဆင်းသက်နိုင်ပါတယ်။ အီလက်ထရစ် စွမ်းအင်ကို အသုံးပြု ပျံသန်းတာ ဖြစ်ပါတယ်။ အခုတော့ ကုမ္ပဏီက Helsinki Airport မှာ စမ်းသပ်ပျံသန်းထားတဲ့ ဗီဒီယို ၁ ခုကို မျှဝေလိုက်ပါတယ်။

လေယာဉ်မှူး Damian Hischier က လေယာဉ်ကို မောင်းနှင်ခဲ့တာ ဖြစ်ပြီး လေဆိပ်ရဲ့ ပြေးလမ်းအထက်မှာ ပျံသန်းပြခဲ့တာကို မြင်ရပါတယ်။ လေယာဉ်မှာ ပန်ကာ ၁၈ လုံး တပ်ဆင်ထားပါတယ်။ ကုမ္ပဏီဟာ အရင်ကလည်း လေယာဉ် တက္ကစီကို စမ်းသပ် ပျံသန်းခဲ့ဖူးပါတယ်။

ဂျာမန် အခြေစိုက် လေယာဉ် ကုမ္ပဏီ E-volo က ပန်ကာ ၁၈ လုံးတပ် Drone-Helicopter ၂ မျိုးသုံး Volocopter VC200 ကို မိတ်ဆက်ခဲ့ဖူးပါတယ်။ အီလက်ထရစ် စွမ်းအင်သုံး ယာဉ်ပျံ ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ခရီးသည်များကို ပထမဆုံး အကြိမ် အဖြစ် စမ်းသပ် ပို့ဆောင်ပေးခဲ့ပါတယ်။ ဂျာမနီနိုင်ငံ Friedrichshafen မှာ ကျင်းပတဲ့ လေယာဉ်ပြပွဲဖြစ်တဲ့ AERO မှာ E-volo က 2X Model ကို မိတ်ဆက်ခဲ့ပါတယ်။

2X ဟာ တစ်ခါအားသွင်းထားရင် ၁၇ မိုင် ပျံသန်းနိုင်ပြီး တစ်နာရီလျှင် အမြန်ဆုံး အနေဖြင့် ၆၂ မိုင်မောင်းနှင်နိုင်ပါတယ်။ အရှည် ၂ မီတာ ရှိပြီး Lithium-Ion Battery ၉ လုံး တပ်ဆင်ထားပါတယ်။ အားသွင်းချိန်ဟာ ၁၂၀ မိနစ်ကြာပြီး သာမာန် အားသွင်း ပလပ်ပေါက်များကနေ အားသွင်းနိုင်ပါတယ်။ လူ ၂ ဦး စီးနင်းနိုင်ပြီး အလိုအလျှောက် ပျံသန်းနိုင်ပါတယ်။ Remote Control ဖြင့်လည်း ထိန်းချုပ် မောင်းနှင်နိုင်ပါတယ်။ အဲဒီ ယာဉ်ပျံဟာ ကားလမ်းပိတ်ဆို့မှုကို လျှော့ချပေးဖို့ ရည်ရွယ် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

ref : theverge

Volocopter ရဲ့ လေယာဉ် တက္ကစီကို စမ်းသပ်ပျံသန်း

%d bloggers like this: