စမတ်ဖုနု်းလောကမှာ လျှမ်းလျှမ်းတောက်မျိုးဆက်ဖြစ်လာမယ့် Zenfone 3 ဖုန်းစီးရီးကို Asus မိတ်ဆက်

အရည်အသွေးကောင်းမွန်တဲ့ ဖုန်းတွေကို ထုတ်လုပ်လျက်ရှိနေတဲ့ Asus ကတော့ စမတ်ဖုန်းလောကမှာ အောင်မြင်မှုတွေရရှိနိုင်မယ့် Zenfone 3 စီးရီးတစ်ခုလုံးကို ဒီနေ့မှာ မိတ်ဆက်ပြသလိုက်ပြီဖြစ်ပါတယ်။ Zenfone 3 မျိုးဆက်မှာတော့ မော်ဒယ်သုံးမျိုးပါဝင်လာတာကိုတွေ့ရပြီး Zenfone 3 , ZenFone 3 Deluxe နဲ့ ZenFone 3 Ultra ဆိုပြီး မော်ဒယ်သုံးမျိုးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဖုန်းသုံးလုံးစလုံးမှာတော့ finger print ဆန်ဆာကို ဖုန်းရဲ့ နောက်ကျောဘက်မှာ မြှုပ်ထားတဲ့ ဒီဇိုင်းနဲ့ ပြုလုပ်ထားကို တွေ့ရပြီး ၈၅ဒီဂရီအကျယ်နဲ့ 8 MP ရှေ့ကင်မရာ (selfie ကင်မရာ) လည်း ပါဝင်လာတာကိုတွေ့ရပါတယ်။ ဒီကင်မရာမှာတော့ ပုံရိပ်တည်ငြိမ်မှုနည်းပညာနဲ့ အီလက်ထရောနစ် ပုံရိပ်တည် နည်းပညာတွေကို ပိုပြီး develop လုပ်ထားတာကြောင့် ဖုန်းနဲ့ပဲ ဓာတ်ပုံလှလှရိုက်ကူးချင်တဲ့သူတွေအတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။ ဖုန်းသုံးလုံးစလုံးကတော့ SIM ကတ်နှစ်ကတ် အသုံးပြုလို့ရပါတယ်။

ကျွန်တော်ကတော့ ဖုန်းသုံးလုံးစလုံးရဲ့ specs တွေကို ခြုံငုံ သုံးသပ်ပေးမှာ မဟုတ်ဘဲ တစ်လုံးချင်းစီရဲ့ specs တွေကို ရေးသားပေးသွားမှာပါ။

Zenfone Ultra

 

Asus ZenFone 3 Ultra (ZU680KL)

ပထမဆုံး အနေနဲ့တော့ ဒီဖုန်းသုံးလုံးထဲက စွမ်းဆောင်ရည်အမြင့်စား ဖုန်းတစ်လုံးဖြစ်တဲ့ Asus ZenFone 3 Ultra (ZU680KL) ကို စတင်လေ့လာကြည့်ပါမယ်။ ၆.၈ လက်မ အကျယ်ရှိတဲ့ မျက်နှာပြင်ကြောင့် ဖက်ဘလက်တစ်လုံးလို့ ဆိုရမှာပါ။ full-HD (1920×1080 pixels) IPSLCD display ကို အသုံးပြုထားပြီး ဈေးနှုန်းအနေနဲ့တော့ ၄၇၉ ဒေါ်လာ (မြန်မာငွေ ငါးသိန်းခုနစ်သောင်း) ဝန်းကျင် ကျသင့်မှာပါ။ Snapdragon 625 SoC ပရော်ဆက်ဆာကို 4GB of RAM နဲ့ တွဲဖက်အသုံးပြုထားပြီး ပါရင်းစွဲ storage 64GB နဲ့ microSD card (128GB) အထိထပ်မံတိုးချဲ့ အသုံးပြုနိုင်ပါတယ်။

ကျောဘက်ကင်မရာအနေနဲ့တော့ 23-megapixel ရှိပြီး Sony IMX318 ဆန်ဆာကို အသုံးပြုထားပါတယ်။ ဘက်ထရီပမာဏတော့ အကြီးစားဖြစ်ပြီး 4600mAh ဘက်ထရီကို Quick Charge နည်းပညာနဲ့ တွဲဖက်ထားတာကိုတွေ့ရပါတယ်။ မီးခိုးရောင် ၊ ငွေရောင်နဲ့ ၊ ပန်းရောင်ဆိုပြီး အရောင်သုံးမျိုးနဲ့ Asus ZenFone 3 Ultra မှာရရှိနိုင်မှာဖြစ်ပါတယ်။

 

asus zenfone de

Asus ZenFone 3 Deluxe

ဒုတိယအနေနဲ့တော့ Asus ZenFone 3 Deluxe (ZS570KL) ဖုန်းဖြစ်ပါတယ်။ ဒီမော်ဒယ်မှာတော့ ကိုယ်ထည်တစ်ခုလုံးကို သတ္တုနဲ့ ပြုလုပ်ထားတာကိုတွေ့ရပြီး အရွယ်အစားလည်း ကြီးမားတာကိုတွေ့ရပါတယ်။ ကိုယ်ထည်မှာလည်း antenna လိုင်းတွေ မပေါ်အောင်ပြုလုပ်ထားပြီး (antenna line=ဖုန်းရဲ့ကိုယ်ထည်ပေါ်တွင် ပါရှိသော ဖုန်းလိုင်းသွားရာလမ်းကြောင်းဖြစ်အောင် သီးသန့်ပြုလုပ်ထားသည့်မျဉ်းကြောင်းများ “ဥပမာ- iPhone 6 နဲ့ 6S များ၏ ကိုယ်ထည်တွင်ထင်ရှားသည်”) Asus ကတော့ ဒီလိုဒီဇိုင်းဟာ ကမ္ဘာ့ပထမဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

မျက်နှာပြင်ကတော့ (1080 x1920 pixels) Super Amoled display ကို အသုံးပြုထားပြီး ပရော်ဆက်ဆာကတော့ Snapdragon 820 SoCပရော်ဆက်ဆာနဲ့ RAM 6 GB အထိရှိမှာဖြစ်ပါတယ်။ ပါရင်းစွဲသိုလှောင်နိုင်မှုကတော့ ZenFone 3 Deluxe မှာ 64GB အထိရှိပြီး 256 GB ရှိတဲ့SD ကတ်လည်း ထပ်စိုက်လို့ ရပါသေးတယ်။ ကျောဘက်ကင်မရာကတော့ 23-megapixel ရှိပြီး Sony IMX318 ဆန်ဆာကိုအသုံးပြုထားတာပါ။ ဒီကင်မရာနဲ့ 4K ဗီဒီယိုတွေကို ရိုက်ကူးနိုင်တယ်လို့ Asus က ဆိုပါတယ်။ ဘက်ထရီပမာဏကတော့ 3000 mAh ပမာဏရှိပြီး Qualcomm Quick Charge 3.0 နည်းပညာကို အသုံးပြုထားတာကြောင့် အားသွင်းနှုန်းမြန်ဆန်တာက သိသာစေမှာပါ။

USB 3.0 Type-C ကို အသုံးပြုထားပြီး ရွှေရောင်နဲ့ မီးခိုးရောင်နှစ်မျိုးသာ Asus ZenFone 3 Deluxe မော်ဒယ်မှာ ရရှိနိုင်ပါတယ်။ဈေးနှုန်းကတော့ ၄၉၉ ဒေါ်လာ (မြန်မာငွေ ခြောက်သိန်းနီးပါး) ကျသင့်မှာဖြစ်ပါတယ်။

ausus

 

Asus Zenfone 3

နောက်ဆုံးအနေနဲ့ အခြေခံမော်ဒယ်တစ်မျိုးဖြစ်တဲ့ Asus Zenfone 3 (ZE552KL) မော်ဒယ်ဖုန်းကို လေ့လာကြည့်ပါမယ်။ ဒီဖုန်းကတော့ဈေးနှုန်းအနေနဲ့ ၂၄၉ ဒေါ်လာ (မြန်မာငွေ နှစ်သိန်းကိုးသောင်းကျော်) ရှိမှာဖြစ်ပါတယ်။ မျက်နှာပြင်ကျယ် ဖုန်းတစ်လုံးဖြစ်ပြီး ၅.၅ လက်မ အကျယ် မျက်နှာပြင်မှာ (1080×1920 pixels) Super IPS LCD display ကို အသုံးပြုထားတာကို တွေ့ရပါတယ်။ ဖန်သားကိုတော့ Corning Gorilla Glass 3 ကို အသုံးပြုထားပြီး ဖုန်းရဲ့ ကျောဘက်နဲ့ ရှေ့ဘက်မျက်နှာပြင်နှစ်ခုလုံးမှာ ဒီဖန်သားကို သုံးထားတာပါ။ ပရော်ဆက်ဆာအနေနဲ့တော့ Snapdragon 625 ကို အသုံးပြုထားပြီး 3 GB RAM နဲ့ ထောက်ပံ့ထားတာကြောင့် performance ကောင်းကောင်းနဲ့ အသုံးပြုလို့ ရမယ် ထင်ပါတယ်။

Storage ကတော့ ပါရင်းစွဲ သိုလှောင်နိုင်မှု 32GB ရှိပါတယ်။ RAM 4GB နဲ့ 64GB storage ရှိမယ့် မော်ဒယ်ကိုလည်း ထုတ်လုပ်သွားမယ်လို့ တစ်ခါတည်း ကြော်ငြာသွားခဲ့တာကို တွေ့ရပါတယ်။ Asus Zenfone 3 (ZE552KL) မော်ဒယ်မှာ ကျောဘက်ကင်မရာအနေနဲ့ 16 MP ရှိပြီး Sony IMX298 ဆန်ဆာကို အသုံးပြုထားတာကြောင့် ပုံထွက်ပိုင်းကောင်းမွန်မယ်လို့ ထင်ပါတယ်။ဘက်ထရီပမာဏကတော့ Asus Zenfone 3 (ZE552KL) မှာ 3000 mAh ပမာဏရှိပြီး connectivity တွေ အနေနဲ့ Wi-Fi 802.11ac,Bluetooth 4.2, Cat 6 LTE နဲ့ USB 2.0 Type-C တို့ ပါဝင်လာပါတယ်။ Zenfone 3 ကတော့ ရွှေရောင် ၊ အပြာရောင် ၊ အမည်းရောင်နဲ့အဖြူရောင်ဆိုပြီး အရောင်လေးမျိုးနဲ့ ရရှိနိုင်မှာပါ။

 

 

Ref : Gadgets 360 , Android Authority

%d bloggers like this: