မျက်နှာပြင်အကြီးစားနဲ့ ဒီဇိုင်းဆန်းခေါက်ဖုန်းတစ်လုံးကို Oppo စမ်းသပ်နေ

စမတ်ဖုန်းတွေမပေါ်ခင်တုန်းက၊ လူတိုင်းရဲ့အသည်းစွဲဖုန်းတွေက ခေါက်ဖုန်းတွေဖြစ်ပြီး၊ ယခုအချိန်ထိ ခေါက်ဖုန်းကို တမ်းတလွမ်းဆွတ်မိတဲ့သူတွေရှိတုန်းပါ။ ဒီလို ခေါက်ဖုန်းဒီဇိုင်းမျိုးကိုမှ ကိုင်ချင်သူ customer တွေအတွက် Oppo က ခေါက်ဖုန်းတစ်လုံးကို စမ်းသပ်လျက်ရှိပါတယ်။

အွန်လိုင်းမှာ ပေါက်ကြားလာတဲ့ဓာတ်ပုံအရ၊ Oppo ဟာ မျက်နှာပြင်ပါ နှစ်ထပ်ချိုး ခေါက်သိမ်းနိုင်တဲ့ ဒီဇိုင်းဆန်းခေါက်ဖုန်းတစ်လုံးကို ထုတ်လုပ်ဖို့ ကြိုးစားလျက်ရှိပြီး၊ တကယ်အသုံးပြုနိုင်တဲ့ ရှေ့ပြေးပုံစံဖုန်းတစ်လုံးကိုတောင် ထုတ်လုပ်ပြီးဖြစ်တယ်လို့ သိရပါတယ်။

Oppo ရဲ့ ရှေ့ပြေးပုံစံဖုန်းဟာ ဖုန်းထက် တက်ဘလက်အရွယ်အစားမျိုးဖြစ်ပြီး၊ ကီးပတ်ခလုတ်တွေ မပါဝင်ပဲ မျက်နှာပြင်က တစ်ဆက်တည်းရှိတာကို တွေ့ရပါတယ်။ ဒီဇိုင်းပိုင်းကတော့ စိတ်ဝင်စားစရာပါပဲ။ ခေါက်ပြီး သုံးရင်ဖုန်းအရွယ်အစားနဲ့၊ ဖွင့်ပြီးသုံးရင် တက်ဘလက်အရွယ်အစားသုံးနိုင်မယ့်ပုံပါ။ မျက်နှာပြင်အကျယ်က ၇ လက်မခန့် ရှိတယ်ဆိုတာကလွဲလို့ ကျန်တဲ့အသေးစိတ်အချက်အလက်တွေတော့ မသိရသေးပါဘူး။

လက်ရှိမှာတော့ ဒီဖုန်းဟာ ရှေ့ပြေးနမူနာဖုန်းအနေနဲ့သာရှိသေးပြီး၊ ပြင်ဆင်မွမ်းမံမှုတွေ ထပ်လုပ်ရဦးမှာပါ။ မှတ်မိသလောက်ပြောရမယ်ဆိုရင်၊ အခုလို မျက်နှာပြင်ခေါက်နိုင်တဲ့ဖုန်းမျိုးကို Oppo အနေနဲ့ ၂၀၁၅ ခုနှစ်၊ သြဂတ်စ်လလောက်ထဲက စတင်လုပ်ဆောင်နေတာပါ။

ဒီလို foldable စမတ်ဖုန်းမျိုးကိုထုတ်လုပ်ဖို့အတွက် Samsung ကော LG ပါ ကြိုးစားလျက်ရှိတာကြောင့်၊ မကြာခင်အချိန်အတွင်းမှာ ကျနော်တို့ လက်ရှိကိုင်နေတဲ့စမတ်ဖုန်းတွေရဲ့ ဒီဇိုင်းဟာ အကြီးအကျယ်ပြောင်းလဲသွားဖို့ရှိနေနိုင်ကြောင်း သုံးသပ်တင်ပြလိုက်ပါတယ်။

Ref: Phone Radar, Tech Radar

 

 

%d bloggers like this: