အတ္တလန်တစ်သမုဒ္ဒရာအောက်ကနေ ဧရာမဖိုင်ဘာအင်တာနက်ကေဘယ်တစ်ခု တည်ဆောက်သွားမယ့် Facebook နဲ့ Microsoft

Facebook Inc. နဲ့ Microsoft Corp. တို့ပူးပေါင်းကာ ဖိုင်ဘာအင်တာနက်ကေဘယ်ကြိုးတစ်ခုကို အတ္တလန်တစ်သမုဒ္ဒရာဖြတ်ပြီး တည်ဆောက်သွားမှာဖြစ်ကြောင်း ကြာသတေးနေ့က ကြေငြာခဲ့ပါတယ်။

အမေရိကန်နည်းပညာကုမ္ပဏီတွေအနေနဲ့ အင်တာနက်အပေါ် ပိုမိုထိန်းချုပ်မှုရရှိဖို့ လုပ်ဆောင်ချက်တစ်ခု ဖြစ်ကြောင်း Wall Street Journal က သုံးသပ်ထားပါတယ်။

ပရောဂျက် MAREA (စပိန်လို ‘ဒီလှိုင်း’ ) လို့ အမည်ပေးထားတဲ့ ယခုအင်တာနက်ကေဘယ်လိုင်းဟာ “ Microsoft နဲ့ Facebook တို့ရဲ့ cloud နဲ့ အွန်လိုင်းဝန်ဆောင်မှုတွေအတွက် မြန်ဆန်ကောင်းမွန်တဲ့ အင်တာနက်ချိတ်ဆက်မှုကို များပြားလာတဲ့ customer တွေရဲ့ လိုအပ်ချက်အတွက် ထောက်ပံ့ပေးသွားဖို့ ဖြစ်ပါတယ်” လို့ Microsoft က ဘလော့ဂ်ပို့စ်မှာ ရေးသားခဲ့ပါတယ်။

ယခုအင်တာနက်ကေဘယ်လိုင်းဟာ ဗာဂျီးနီးယားကနေ အတ္တလန်တစ်သမုဒ္ဒရာအောက်ကဖြတ်ပြီး စပိန်အထိ မိုင်ပေါင်း ၄၀၀၀ ကျော် ရှည်လျားမှာဖြစ်ကာ၊ တစ်စက္ကန့်ကို bandwidth 160 terabits အထိ ပေးစွမ်းမှာဖြစ်ပါတယ်။ ဒီပမာဏဟာ သင့်အိမ်က ကောင်းပါတယ်ဆိုတဲ့ဖိုင်ဘာအင်တာနက်လိုင်း bandwidth ထက် အဆပေါင်း ၁၆ သန်း ပိုများပါတယ်။

MAREA Overview Schematic
MAREA Overview Schematic

တည်ဆောက်မှုပြီးစီးသွားပါက ‘MAREA’ အင်တာနက်ကေဘယ်ဟာ အတ္တလန်တစ်သမုဒ္ဒရာဖြတ် ပင်လယ်ရေအောက်ကေဘယ်တွေထဲမှာ မြန်နှုန်းအမြင့်ဆုံးကေဘယ် ဖြစ်လာမှာပါ။

“ဒီလှိုင်း” ဖိုင်ဘာအင်တာနက်ကေဘယ်ကြီးကို လာမယ့်သြဂတ်စ်မှာ စတင်တည်ဆောက်သွားမှာဖြစ်ပြီး၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလောက်မှာ အပြီးသတ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ တယ်လီကွန်းအခြေခံ အဆောက်အအုံတည်ဆောက်ရေးကုမ္ပဏီဖြစ်တဲ့ Telxius က ကူညီတည်ဆောက်သွားမှာဖြစ်ပြီး၊ ယခုအင်တာနက်လိုင်း အော်ပရေတာအနေနဲ့ တာဝန်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Microsoft ဟာ လွန်ခဲ့တဲ့တစ်နှစ်တုန်းကလည်း မြောက်အမေရိကဒေတာစင်တာတွေကို အိုင်ယာလန်နဲ့ UK တို့နဲ့ ဆက်သွယ်ဖို့အတွက် ရေအောက်ကေဘယ်လိုင်းတစ်ခု တည်ဆောက်ခဲ့ဖူးပါတယ်။

Ref: PCMAG

 

 

%d bloggers like this: