Xiaomi က အနောက်ဘက်မှာ Solar Panel တပ်ဆင်ထားတဲ့ စမတ်ဖုန်း တစ်လုံးကို WIPO (World Intellectual Property Office) မှာ မှတ်ပုံတင်လိုက်ပါတယ်။ Xiaomi ဟာ စမတ်ဖုန်း နယ်ပယ်မှာ နာမည်ကြီး ကုမ္ပဏီတစ်ခု ဖြစ်လာပါပြီ။ ဒါပေမယ့် နေရောင်ခြည် စွမ်းအင်ကနေ အားသွင်းနိုင်မယ့် စမတ်ဖုန်းကိုတော့ မထုတ်လုပ်သေးပါဘူး။ ဒါဟာ သူ့ရဲ့ ပထမဆုံး ဖြစ်လာမှာပါ။
LetsGoDigital က Xiaomi မှတ်ပုံတင်ထားတဲ့ ဖုန်းရဲ့ ဓါတ်ပုံတွေကို မျှဝေလိုက်ပါတယ်။ သူ့မှာ Notch မပါဘဲ မျက်နှာပြင် အပြည့် ဒီဇိုင်း ဖြစ်ပါတယ်။ Pop-up Selfie Camera ဒါမှမဟုတ် မျက်နှာပြင်အောက် ဆဲလ်ဖီး ကင်မရာကို အသုံးပြုထားနိုင်ပါတယ်။ အနောက်ဘက် ဧရိယာ အများစုမှာ Solar Panel တွေ တပ်ဆင်ထားပါတယ်။
စမတ်ဖုန်း သုံးစွဲမှု မြင့်မားလာတဲ့ အတွက် ဘက်ထရီ နည်းပညာတွေ၊ လျှင်မြန်စွာ အားသွင်းနိုင်တဲ့ နည်းပညာတွေကို စမတ်ဖုန်း ကုမ္ပဏီတွေက တီထွင်လာကြပါတယ်။ နေရောင်ခြည်ကနေ စမတ်ဖုန်းကို အားသွင်းပေးတဲ့ နည်းပညာကလည်း အရမ်းကို အကျိုးရှိလာမှာ ဖြစ်ပါတယ်။ ဘယ်နေရာ သွားသွား ဖုန်းကို အားသွင်းပေးနိုင်သလို အားသွင်းပလက်ပေါက်တွေ၊ ပါဝါဘန့်တွေ မရှိတဲ့ အခြေအနေတွေမှာလည်း အသုံးဝင်ပါတယ်။
ဒါ့အပြင် နေရောင်ခြည် စွမ်းအင်ကို သုံးထားတဲ့ အတွက် သဘာ၀ ပတ်ဝန်းကျင်ကိုလည်း ပျက်ဆီးမှု မရှိတော့ပါဘူး။ ဒါပေမယ့် နေရောင်ခြည် စွမ်းအင်ကနေ ဖုန်းကို အားသွင်းပေးနိုင်တဲ့ နည်းပညာဟာ အစောပိုင်းအဆင့်မှာသာ ရှိပါသေးတယ်။ Xiaomi က အဲဒီ ဖုန်းကို အောင်မြင်စွာ ထုတ်လုပ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။
Ref : techradar
Solar-powered Smartphone ဖန်တီးနေတဲ့ Xiaomi