Galaxy Fold နဲ့ iPhone 11 တို့ အပြိုင်ထွက်လာနိုင်

Samsung က Galaxy Fold ကို စက်တင်ဘာလမှာ ရောင်းမယ်လို့ အတည်ပြုထားပါတယ်။ အခုတော့ ကိုရီးယား မီဒီယာ The Investor က သူ့ကို တောင်ကိုရီးယားမှာ စက်တင်ဘာလ ၁၈ နဲ့ ၂၀ အကြားမှာ ရောင်းချနိုင်တယ်လို့ ပြောပါတယ်။ Apple ကလည်း စက်တင်ဘာလရဲ့ ပထမဆုံး ၁၅ ရက်မှာ iPhone အသစ်တွေကို ကြေညာလေ့ရှိပါတယ်။ အဲဒီအတွက် Galaxy Fold နဲ့ iPhone 11 တို့ ထိပ်တိုက်တွေ့ကြတော့မှာပါ။

Samsung က Galaxy Fold အလုံးရေ တစ်သန်း ရောင်းချနိုင်ဖို့ မျှော်လင့်ထားကြောင်း အရင်က ပြောထားပါတယ်။ စက်တင်ဘာလမှာ တောင်ကိုရီးယားနဲ့ အမေရိကန်မှာ စတင် ရောင်းချမှာပါ။ နောက်ပိုင်းမှာ ဂျာမနီ၊ ဗြိတိန် အပါအဝင် အခြား နိုင်ငံတွေမှာ ဝယ်ယူနိုင်မှာပါ။

Samsung က သူ့ရဲ့ ပထမဆုံး ခေါက်ချိုး စမတ်ဖုန်းကို ဖေဖော်ဝါရီလမှာ ကြေညာခဲ့ပြီး ဧပြီလမှာ စတင် ရောင်းချဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မျက်နှာပြင် ပြဿနာများကြောင့် ရောင်းချမယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရပါတယ်။ အခုတော့ သူ့ရဲ့ ဟာ့ဒ်ဝဲ ပြဿနာများကို ဖြေရှင်းပြီးပြီ ဖြစ်ကြောင်း မကြာခင်က ပြောခဲ့ပါတယ်။

ဒီဇိုင်းအပိုင်းကိုသာ ပြင်ဆင်ထားတာ ဖြစ်ပြီး အခြား Specs များက အရင် ကြေညာထားတဲ့ အတိုင်းပဲ ဖြစ်ပါတယ်။ ဈေးကလည်း အရင် ကြေညာထားသလို ဒေါ်လာ ၁၉၈၀ ပဲလို့ ကုမ္ပဏီက ပြောပါတယ်။

Ref : gsmarena

Galaxy Fold နဲ့ iPhone 11 တို့ အပြိုင်ထွက်လာနိုင်

%d bloggers like this: