စိတ်နဲ့ ဖုန်း၊ တက်ဘလက်တွေကို အမိန့်ပေး နိုင်မယ့် နည်းပညာ

အမေရိကန် အခြေစိုက် BrainGate အဖွဲ့အစည်းက အကြောသေနေသူများ တက်ဘလက်နဲ့ မိုဘိုင်း ကိရိယာများကို စိတ်ဖြင့် ထိန်းချုပ် အသုံးပြုနိုင်တဲ့ နည်းပညာကို ဖန်တီးလိုက်ပါတယ်။ ကာဆာကို နေရာရွှေ့ပြီး ကလစ်ကို နှိပ်လိုက်တယ်လို့ စဉ်းစားလိုက်တာနဲ့ အဆင်ပြေပါပြီ။ ဒီနည်းပညာမှာ လူရဲ့ ဦးနှောက် အလုပ်လုပ်မှုကို တိုင်းတာတဲ့ အရွယ်သေး ဆန်ဆာတစ်ခုကို အသုံးပြုထားပါတယ်။ အဲဒီ ဦးနှောက်လှိုင်းများကို ဆော့ဖ်ဝဲအား ထိန်းချုပ်နိုင်မယ့် ညွှန်ကြားချက်များ အဖြစ် ဘာသာပြန်ပေးပါတယ်။

စမ်းသပ်မှုမှာ ဆန်ဆာကို ဝတ်ဆင်ထားသူများဟာ အီးမေးပို့ခြင်း၊ Chat သုံးခြင်း၊ သီချင်း ဖွင့်ခြင်း၊ ဗီဒီယိုများ မျှဝေခြင်းများကို စိတ်က ခိုင်းစေလိုက်တာနဲ့ Tablet မှာ ပြုလုပ်နိုင်တာကို တွေ့ရပါတယ်။ ဒါ့အပြင် အင်တာနက် အသုံးပြုခြင်း၊ ရာသီဥတု အခြေအနေများကို ကြည့်ခြင်း၊ အွန်လိုင်းမှာ ဈေးဝယ်ခြင်းနဲ့ App များကို အသုံးပြုခြင်းများကို ပြုလုပ်နိုင်ပါတယ်။

“ BrainGate ဟာ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများ အီလက်ထရောနစ် ကိရိယာများကို စိတ်ဖြင့် ထိန်းချုပ်နိုင်တဲ့ နည်းပညာများကို တီထွင်ဖန်တီးရာမှာ အဖွဲ့အစည်းများစွာနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ဒီစမ်းသပ်မှုမှာ နေ့စဉ်သုံး နည်းပညာများကို မသန်စွမ်းသူများ အသုံးပြုနိုင်လာစေတာကို တွေ့ရပါတယ်။ စိတ်ကနေ တွေးလိုက်တာနဲ့ အင်တာနက် သုံးခြင်း၊ သီချင်း ဖွင့်ခြင်းများကို ပြုလုပ်နိုင်ပါတယ်။ “ လို့ စတန်းဖို့ဒ် တက္ကသိုလ်မှ ဦးနှောက်ခွဲစိတ် သမားတော် Dr. Jaimie Henderson က ပြောပါတယ်။

ဒီလို စိတ်ဖြင့် ကွန်ပြူတာများကို ထိန်းချုပ်နိုင်တဲ့ နည်းပညာကို အခြား အဖွဲ့အစည်းများကလည်း ဖန်တီးနေကြပါတယ်။ ဒီနည်းပညာများဟာ ကိုယ်လက် အင်္ဂါ မသန်စွမ်းသူများ၊ အကြောသေနေသူများအတွက် အနာဂတ်မှာ အလွန် အကျိုးရှိလာတော့မှာ ဖြစ်ပါတယ်။

Ref : digitaltrends

စိတ်နဲ့ ဖုန်း၊ တက်ဘလက်တွေကို အမိန့်ပေး နိုင်မယ့် နည်းပညာ

%d bloggers like this: