တခြားကားတွေအပေါ်က ဖြတ်ကျော်ပြေးဆွဲမယ့် ကိုယ်ထည်မြင့်ဘတ်စ်ကားကို တရုတ် ပြသ

မြို့နေလူထု တစ်နေ့တစ်နေ့ကြုံတွေ့နေရတဲ့ပြဿနာတွေထဲမှာ ကားပိတ်တဲ့ပြဿနာကလည်း အဆိုးရွားဆုံးတစ်ခုပါ။

အခုအခါမှာတော့ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက အင်ဂျင်နီယာတွေဟာ ဒီယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းဖို့နည်းလမ်းတစ်ခုကို တီထွင်လိုက်ပါတယ်။

လွန်ခဲ့တဲ့တစ်ပတ်က၊ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာပြုလုပ်သွားခဲ့ ၁၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ နည်းပညာပြပွဲမှာ၊ ခရီးသည် ၁၂၀၀ ဦးအထိ တင်ဆောင်နိုင်ပြီး၊ တခြားကားတွေအပေါ်က ဖြတ်မောင်းသွားနိုင်တဲ့ ကိုယ်ထည်မြင့်ဘတ်စ်ကားဒီဇိုင်းတစ်ခုကို စတင်ပြသသွားခဲ့ပါတယ်။

အဆိုပါဘတ်စ်ကားဒီဇိုင်းရဲ့ ပုံစံငယ်ကို ဘေဂျင်းနည်းပညာပြပွဲမှာ လက်တွေ့သရုပ်ဖော်ပြသသွားခဲ့တာဖြစ်ပြီး၊ ပွဲတက်ပရိတ်သတ်အားလုံးရဲ့ အာရုံကိုဖမ်းစားနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဘတ်စ်ကားရဲ့ ခရီးသည်တင်ကိုယ်ထည်ကို လမ်းပေါ်က တခြားကားတွေရဲ့ အမြင့်မှာ ထည့်သွင်းတည်ဆောက်ထားပြီး၊ ဘော်ဒီအောက်ပိုင်းကနေ ကားတွေ အလွယ်တကူ ဖြတ်မောင်းသွားနိုင်မှာဖြစ်ပါတယ်။ လမ်းမပေါ်မှာ မြှပ်နှံတပ်ဆင်ထားတဲ့ သီးသန့်လမ်းကြောင်းပေါ်ကနေ ပြေးဆွဲမှာဖြစ်ပြီး၊ ကေဘယ်ကားနဲ့၊ ဘတ်စ်ကားနှစ်မျိုးစပ်ယာဉ်ပုံစံပါ။

ဒီကိုယ်ထည်မြင့်ဘတ်စ်ကားဟာ လမ်းမနေရာသိပ်မယူတာကြောင့် သာမန်ဘတ်စ်ကားတွေထက် ယာဉ်ကြောပိတ်ဆို့မှုပိုနည်းစေလိမ့်မယ်လို့ အင်ဂျင်နီယာတွေက မျှော်လင့်ထားကြပါတယ်။ ကားပိတ်နေရင်တောင် တခြားကားတွေအပေါ်က ကျော်ပြီးမောင်းသွားနိုင်မှာပါ။

ကုန်ကျစရိတ်အပိုင်းအနေနဲ့လည်း၊ မြေအောက်ရထားလို အများပြည်သူသုံးဆက်သွယ်ရေးတည်ဆောက်မှု ကုန်ကျစရိတ်ရဲ့ ငါးပုံတစ်ပုံမျှသာ ရှိတယ်လို့ ယခု TEB (Transit Elevated Bus) ပရောဂျက်ရဲ့ အင်ဂျင်နီယာ တာဝန်ခံ Bai Zhiming က CCTV သတင်းဌာနကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

“ ကုန်ကျစရိတ်နည်းတဲ့အပြင်၊ တစ်နှစ်အတွင်းမှာတင် အပြီးဆောက်နိုင်ပါတယ်” လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ယခုကိုယ်ထည်မြင့်ဘတ်စ်ကား ပထမဆုံးစမ်းသပ်ပြေးဆွဲမှုကို တရုတ်နိုင်ငံ၊ မြောက်ပိုင်း Hebei ခရိုင်၊ Qinhuangdao မြို့မှာ ယခုနှစ်အလယ်လောက် ပြုလုပ်သွားဖို့ စီစဉ်ထားပြီး၊၊ ယခုနှစ်ကုန်လောက်မှာ လမ်းပေါ် စတင်ပြေးဆွဲနိုင်ဖို့ ရှိပါတယ်။

Ref: DailyMail

 

 

%d bloggers like this: