Huawei က Samsung ကို မူပိုင်ခွင့်ချိုးဖောက်မှုဖြင့် တရားစွဲဆို

ဗုဒ္ဓဟူးနေ့မှာ Huawei Technologies Co Ltd ဟာ Samsung Electronics Co Ltd ကို စမတ်ဖုန်းမူပိုင်ခွင့်ချိုးဖောက်မှုဖြင့် တရားစွဲဆိုခဲ့ကြောင်း Reuters သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ယခုတရားစွဲဆိုမှုဟာ တရုတ်ကုမ္ပဏီ Huawei အနေနဲ့ ကမ္ဘာ့ထိပ်သီးမိုဘိုင်းကုမ္ပဏီကြီး Samsung ကို ပထမဆုံးအကြိမ် ဉာဏဆိုင်ရာမူပိုင်ခွင့် (intellectual property) ချိုးဖောက်မှုနဲ့ တရားစွဲဆိုခြင်းလည်း ဖြစ်ပါတယ်။

Huawei ကုမ္ပဏီဟာ ၎င်းတို့ရဲ့ 4G ဆယ်လူလာဆက်သွယ်ရေးနည်းပညာ၊ လည်ပတ်မှုစနစ် (Operating Systems) နဲ့ UI ဆော့ဖ်ဝဲတွေကို Samsung ဖုန်းတွေမှာ လိုင်စင်မယူဘဲယူသုံးခဲ့မှုကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့မှာ အမှုဖွင့်တရားစွဲဆိုထားပြီး၊ ငွေသားလျော်ကြေး တောင်းဆိုထားတယ်လို့ သိရပါတယ်။

“ Samsung အနေနဲ့ ကျွနု်ပ်တို့ရဲ့ မူပိုင်ခွင့်တွေကို ဆက်လက်ချိုးဖောက်ခြင်းမပြုဘဲ၊ Huawei ကုမ္ပဏီကနေ လိုအပ်တဲ့လိုင်စင်တွေရယူကာ၊ နည်းပညာနယ်ပယ်မှာ အတူလက်တွဲလုပ်ဆောင်သွားဖို့ မျှော်လင့်ထားပါတယ်” လို့ Huawei ရဲ့ အသိဉာဏ်ဆိုင်ရာမူပိုင်ခွင့်ကာကွယ်ရေးဌာနအကြီးအကဲ Dign Jianxing က ပြောကြားခဲ့ပါတယ်။

ယခုလိုတရားစွဲဆိုမှုနဲ့ပတ်သတ်ပြီး၊ Samsaung ဘက်ကလည်း ခုခံချေပမှုတွေပြုလုပ်သွားမှာဖြစ်ကြောင်း Reuters သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။

စမတ်ဖုန်းမူပိုင်ခွင့်ချိုးဖောက်မှုပြဿနာတွေထဲမှာ တရုတ်ကုမ္ပဏီတွေက များသောအားဖြင့် တရားစွဲဆိုခံရတဲ့ဘက်ကဖြစ်ပေမယ့်၊ ယခုအမှုမှာတော့ ပြောင်းပြန်ဖြစ်နေတာကို တွေ့ရပါတယ်။ တရုတ်စမတ်ဖုန်းထုတ်လုပ်သူကုမ္ပဏီတွေဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ အလျင်အမြန် ကြီးထွားလာခဲ့ပေမယ့်၊ တရုတ်နိုင်ငံပြင်ပက မတူညီတဲ့ အသိဉာဏ်ဆိုင်ရာမူပိုင်ခွင့်ဥပဒေတွေကြောင့် ပြည်ပထိုးဖောက်မှုမှာ နှေးကွေးနေခဲ့ရတာလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်တုန်းက Xiaomi ကုမ္ပဏီကို တယ်လီကွန်းပစ္စည်းထုတ်လုပ်သူ Ericsson ကုမ္ပဏီက မူပိုင်ခွင့်ချိုးဖောက်ကြောင်းစွဲဆိုခဲ့တာကြောင့်၊ အိန္ဒိယနိုင်ငံတွင်း Xiaomi စမတ်ဖုန်းရောင်းချမှုတွေကို ခဏ ရပ်ဆိုင်းထားခဲ့ရတဲ့ဖြစ်ရပ် ရှိဖူးပါတယ်။ ယခုအမှုမှာတော့ Huawei ကုမ္ပဏီအနေနဲ့ Samsung ဖုန်းတွေ US မှာ ရောင်းချမှုကို တားမြစ်မှာမဟုတ်ဘဲ၊ သင့်လျော်တဲ့လျော်ကြေးပမာဏကိုသာ မျှော်မှန်းထားတာဖြစ်တယ်လို့ သိရပါတယ်။

Ref: Reuters

%d bloggers like this: