ကောင်းမွန်စွာ အိပ်စက်နိုင်အောင် ကူညီပေးမယ့် Sleep Tech များ

ဒီနှစ်ပိုင်းအတွင်းမှာ အိပ်စက်မှု ဆိုင်ရာ နည်းပညာများစွာ ထိုးဖောက်လာကြပါတယ်။ အိပ်မွေ့ချ Headphone များ၊ စမတ် ခေါင်းအုံးများ၊ ခြေထောက်ကို အနွေးဓါတ်ပေးတဲ့ အိပ်ယာများ စတဲ့ အိပ်စက်မှုကို အထောက်အကူပြုတဲ့ နည်းပညာများကို ပြသကြပါတယ်။ အိပ်ယာကနေ သာယာနာပျော်ဖွယ် နိုးထနိုင်အောင် ကူညီပေးတဲ့ စမတ်နှိုးစက်များတောင် ပါပါသေးတယ်။ သင် အိပ်နေရင်းကနေ ဟောက်တဲ့ အသံကို ဖမ်းယူပေးတဲ့ App နဲ့ အခြား အိပ်စက်မှု ဆိုင်ရာ နည်းပညာများစွာကို ရင်ခုန်စွာ မြင်ခဲ့ကြပါတယ်။ အဲဒီနည်းပညာအားလုံးကတော့ ပိုမိုကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ ဖြစ်ပါတယ်။

အိပ်ယာထက်မှ စမတ်ကိရိယာများ

အိပ်စက်မှုကို တိုင်းတာတဲ့ ကိရိယာများဟာ နည်းပညာမြင့်မားလာပါပြီ။ 2breathe ကို အိပ်ယာ မဝင်ခင် လက်ကောက်ဝတ်မှာ ပတ်ထားရမှာပါ။ ဒေါ်လာ ၁၈၀ တန် ကိရိယာက သင့်ရဲ့ အသက်ရှူမှုကို အာရုံခံနိုင်ပြီး နှစ်ခြိုက်စွာ အိပ်စက်နိုင်အောင် သာယာနာပျော်ဖွယ် အသံများ ထုတ်လွှင့်ပေးပါတယ်။ သင်အိပ်ပျော်တာနဲ့ အသံကို ပိတ်ပေးမှာပါ။ သင့့်ရဲ့ အိပ်စက်မှု ဒေတာများကို သူက Mobile App ကနေ ပြသပေးပါတယ်။

ချပ်ဝတ်တန်ဆာကွန်ပြူတာများဟာ လူတွေ နှစ်ခြိုက်စွာ အိပ်စက်နိုင်အောင် ကူညီပေးနေပါတယ်။ စစ်တမ်းတစ်ခုအရ စမတ်လက်ပတ်များကို ၁ နှစ်လောက် ဝတ်ဆင်ထားသူများဟာ အခြားလူများထက် ကျန်းမာကြံ့ခိုင်ပြီး အလုပ်များ ပိုလုပ်နိုင်တယ်လို့ သိရပါတယ်။ အဲဒီလူများဟာ ညတိုင်း အခြားလူများထက် မိနစ် ၃၀ လောက် ပိုအိပ်ကြပါတယ်။

Beddit ကတော့ ဒေါ်လာ ၁၄၉ တန် အိပ်ယာ Sensor ဖြစ်ပြီး နှလုံးခုန်နှုန်း၊ အသက်ရှုနှုန်းနဲ့ ဟောက်ခြင်းများကို တိုင်းတာပေးပါတယ်။ အဲဒီဒေတာများကို သိမ်းဆည်းထားပြီး ဆရာဝန်များက လူနာရဲ့ အိပ်စက်မှု အခြေအနေကို အသေးစိတ်လေ့လာနိုင်ပါတယ်။ ပိုမို နှစ်ခြိုက်စွာ အိပ်စက်နိုင်အောင် ဆရာဝန်များက အကြံဉာဏ်များပေးနိုင်မှာပါ။

ကိရိယာများကို မဝတ်ဆင်ချင်သူများအတွက် စမတ် မွေ့ယာများလည်း ရှိပါတယ်။ Sleep Number 360 စမတ် အိပ်ယာက အိပ်စက်စဉ်မှာ ကိုယ်ခန္တာ လှုပ်ရှားမှုကို အာရုံခံပြီး မွေ့ယာရဲ့ အပူချိန်၊ တည်နေရာကို ချိန်ညှိပေးပါတယ်။ ဇနီးမောင်နှံ ၂ ယောက် အိပ်စက်နိုင်ပြီး သင့်ကြင်ဖော် ဟောက်နေတဲ့ အသံကို ငြိမ်သက်သွားအောင်လည်း ချိန်ညှိပေးနိုင်ပါတယ်။

Kryo Sleep Performance System က App ကနေ ထိန်းချုပ်နိုင်တဲ့ ရေအခြေပြု အအေးပေး မွေ့ယာ ဖြစ်ပါတယ်။ ပညာရှင်များက အိပ်စက်ခြင်းမှာ အပူချိန်ဟာ အဓိက ကျတယ်လို့ ပြောပါတယ်။ အိပ်စက်ခြင်း ဇီဝကမ္မဖြစ်စဉ်ဟာ မှန်ကန်မှသာ ကျန်းမာရေး ကောင်းမှာ ဖြစ်ပါတယ်။ သူကတော့ ဒေါ်လာ ၂၉၉ တန်ကြေးရှိပြီး ၂၀ ရာခိုင်နှုန်း ပိုမို အိပ်စက်စေတယ်လို့ ဆိုပါတယ်။

Sleepace က ခေါင်းအုံးထောင့်မှာ တပ်ဆင်ရတဲ့ Sleep Dot ကို တီထွင်နေပါတယ်။ သူက ခန္တာကိုယ် လှုပ်ရှားမှု ၊ အိပ်စက်ပုံ၊ တစ်ရေးနိုးခြင်း စတာတွေကို တိုင်းတာပေးပါတယ်။ Zeeq အမည်ရ စမတ် ခေါင်းအုံးကလည်း လှုပ်ရှားမှု၊ အသက်ရှုမှုစတာတွေကို တိုင်းတာပေးပြီး ဟောက်ရင် အသံပေးနိုင်ပါတယ်။

ref : mashable

ကောင်းမွန်စွာ အိပ်စက်နိုင်အောင် ကူညီပေးမယ့် Sleep Tech များ

%d bloggers like this: