Google က ဖင်လန်မှာ ဒရုန်းများနဲ့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်မည်

Google ရဲ့ မိခင် ကုမ္ပဏီ Alphabet ပိုင်တဲ့ Wing က လာမယ့်လကစပြီး ဖင်လန်မှာ ဒရုန်းများနဲ့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးတော့မှာ ဖြစ်ပါတယ်။ စမ်းသပ်ပို့ဆောင်မှုကို ဖင်လန်ရဲ့ မြို့တော် ဖြစ်တဲ့ Helsinki မှာ စတင်ပြုလုပ်မှာပါ။ Herkku Supermarket နဲ့ Café Monami မှ ကုန်ပစ္စည်းများနဲ့ အစားအစာများကို ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

ဒရုန်းများက မိနစ်ပိုင်းအတွင်းမှာ ပို့ဆောင်ပေးနိုင်ပါတယ်။ ပြီးခဲ့တဲ့ လကပဲ Wing ကို ဗာဂျီးနီးယားမှာ ဒရုန်းများဖြင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးဖို့ FAA က ခွင့်ပြုပေးခဲ့ပါတယ်။ ဗာဂျီးနီးယားရဲ့ Blacksburg နဲ့ Christiansburg များမှာ စတင် ပို့ဆောင်ပေးမယ်လို့ Bloomberge က ပြောပါတယ်။

သြစတြေးလျမှာတော့ Wing က ၂၀၁၇ ခုနှစ်ကတည်းက ဒရုန်းများနဲ့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးနေပါတယ်။ Project Wing နဲ့ပူးပေါင်းလိုက်တဲ့ ကုမ္ပဏီနှစ်ခုမှာ မက္ကဆီကို အစားအစာ ထုတ်လုပ်သူ Guzman y Gomez နဲ့ ဆေးဝါးကုမ္ပဏီ Chemist Warehouse တို့ ဖြစ်ပါတယ်။

သူတို့ရဲ့ ကုန်ပစ္စည်းများကို Google ရဲ့ ဒရုန်းများက သယ်ဆောင်ပြီး သြစတြေးလျမှ နေအိမ်များသို့ ပို့ဆောင်ပေးနေပါတယ်။ သြစတြေးလျဟာ ဒရုန်းနဲ့ ပတ်သက်တဲ့ ဥပဒေများကို ဖြေလျော့ပေးထားတဲ့အတွက် နည်းပညာ ကုမ္ပဏီများအတွက် ဒရုန်း စမ်းသပ်ဖို့ အကောင်းဆုံး နိုင်ငံဖြစ်ပါတယ်။ အမေရိကန်မှာတော့ ဒီလို စမ်းသပ်ခွင့် မရရှိသေးပါဘူး။ Google က အခုတော့ သြစတြေးလျမှာ အစားအစာနဲ့ ဆေးဝါးများကို ဒရုန်းများဖြင့် ပို့ဆောင်ခြင်းဖြင့် ဒရုန်းများရဲ့ အတားအဆီးများကို ကျော်လွှားပျံသန်းနိုင်တဲ့ နည်းပညာနဲ့ အခြား ဒေတာများကို စစ်ဆေးနိုင်တော့မှာ ဖြစ်ပါတယ်။

Google Project Wing အပြင် Amazon ကလည်း Prime Air စီမံကိန်းဖြင့် ဒရုန်း အခြေပြု ကုန်ပစ္စည်း သယ်ယူပို့ဆောင်ခြင်းကို စမ်းသပ်နေပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်တဲ့ အချိန်ကို မြန်ဆန်စေဖို့နဲ့ နေအိမ်ကနေ ဈေးဝယ်ယူနိုင်ဖို့ ဖြစ်ပါတယ်။ သူတို့ရဲ့ နည်းပညာဟာ ယာဉ်ကြောပိတ်ဆို့မှုများကိုလည်း ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။

Ref : dailymail

Google က ဖင်လန်မှာ ဒရုန်းများနဲ့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်မည်

%d bloggers like this: