တိရိစ္ဆာန်ပုံတူ ထောက်လှမ်းရေး စက်ရုပ်များ တည်ဆောက်နေတဲ့ တောင်ကိုရီးယား

တောင်ကိုရီးယား စစ်တပ်က တိရိစ္ဆာန်ပုံတူ ထောက်လှမ်းရေး စက်ရုပ်များ တည်ဆောက်နေပါတယ်။ သဘာ၀ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ရှိတဲ့ နည်းပညာ ဖြစ်ပြီး နိုင်ငံရဲ့ အနာဂတ် လက်နက် စနစ်များမှာ အသုံးပြုမှာပါ။ ဒါ့အပြင် စစ်ပွဲများမှာ စစ်သားများကိုလည်း ကူညီပေးမှာ ဖြစ်ပါတယ်။ ငှက်များ၊ မြွေများ၊ ရေသတ္တဝါများနဲ့ တူအောင် စက်ရုပ်များကို ဖန်တီးထားပါတယ်။ မြေပြင်၊ ဝေဟင်နဲ့ ပင်လယ်ထဲမှာ ထောက်လှမ်းရေးများ ပြုလုပ်ခြင်း၊ တိုက်ခိုက်ခြင်းများအတွက် သူတို့ကို အသုံးပြုမှာ ဖြစ်ပါတယ်။

ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အိမ်နီးချင်း နိုင်ငံများ ဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့မှာ စက်ရုပ် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာတဲ့ အတွက် တောင်ကိုရီးယားကလည်း ဒီနည်းပညာများကို အရှိန်မြှင့် တီထွင်နေတာလို့ ပြောပါတယ်။ အရွယ်အစား သေးငယ်တဲ့ အင်းဆက် စက်ရုပ်လေးများကိုလည်း ဖန်တီးမှာ ဖြစ်ပြီး လူတွေ လက်လှမ်း မမှီတဲ့ နေရာများမှာ စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်မှာ ဖြစ်ပါတယ်။ လူတူ စက်ရုပ်များကိုလည်း တည်ဆောက်မှာ ဖြစ်ပါတယ်။

တောင်ကိုရီးယားရဲ့ Defense Acquisition Program Administration (DAPA) က “ Biometric Robots များဟာ အနာဂတ် စစ်ပွဲများမှာ ရလဒ် ပြောင်းလဲသွားနိုင်လောက်တဲ့ အထိ စွမ်းရည်မြင့်မားလာမှာ ဖြစ်ပါတယ်။ အဲဒီ နည်းပညာများဟာ ကာကွယ်ရေး နယ်ပယ်မှာ အလွန် ကြီးထွားလာမှာဖြစ်ပါတယ်။ သူတို့ကို ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကနေ စုံစမ်းထောက်လှမ်းခြင်းများအထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှာ တောင်ကိုရီးယား စစ်တပ်မှာ အသုံးပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်။ “ လို့ ပြောပါတယ်။

Ref : dailymail

တိရိစ္ဆာန်ပုံတူ ထောက်လှမ်းရေး စက်ရုပ်များ တည်ဆောက်နေတဲ့ တောင်ကိုရီးယား

%d bloggers like this: