နောက်နှစ်ထဲထွက်ရှိလာနိုင်တဲ့ Samsung ရဲ့ ပထမဆုံး မျက်နှာပြင်ကွေးနိုင်တဲ့ဖုန်း

Samsung ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ မျက်နှာပြင်အခုံးနဲ့ ဒီဇိုင်းမိုက် Galaxy Edge ဖုန်းတွေကို စတင်ထုတ်ခဲ့ပြီး၊ display နည်းပညာမှာ ရှေ့ရောက်နေတဲ့ကုမ္ပဏီဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

အခုအခါမှာတော့ Samsung ဟာ Edge ဖုန်းတွေထက် နည်းပညာပိုပြီး ဆန်းသစ်တဲ့ မျက်နှာပြင်ကွေးနိုင်/ခေါက်နိုင်တဲ့ ဖုန်းတွေကို နောက်နှစ်အတွင်းမှာ ထုတ်ပြဖို့ ရှိနေတယ်လို့ သိရပါတယ်။

ကုဒ်နံမည် ‘Project Valley’ လို့ အမည်ပေးထားတဲ့ Samsung ရဲ့ မျက်နှာပြင်ကွေးနိုင်၊လိမ့်နိုင်တဲ့ဖုန်းတွေကို အကောင်အထည်ဖော်နေတာ နှစ်အတန်ငယ်ကြာပြီဖြစ်ပြီး၊ အခုနောက်ဆုံးရရှိလာတဲ့သတင်းအရ၊ နောက်နှစ်အတွင်းမှာ Galaxy X ဆိုတဲ့ နာမည်နဲ့ စတင်ထုတ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

စမတ်ဖုန်းအသစ်သတင်းတွေ စတင်ပေါက်ကြားလေ့ရှိတဲ့ တရုတ်ဆိုရှယ်မီဒီယာဆိုက် Weibo မှာ တင်ထားတဲ့ပို့စ်တစ်ခုအရ၊ Samsung Galaxy X ဖုန်းမှာ 4K resolution ရှိတဲ့ ကွေး/ခေါက်နိုင် မျက်နှာပြင်ပါဝင်လာမှာဖြစ်ပြီး၊ မျက်နှာပြင်ကွေးနေတဲ့အချိန်မှာတော့ ရုပ်ထွက်လုံးဝကြည်လင်ပြတ်သားမှု ရှိမှာဖြစ်တယ်လို့ သိရပါတယ်။ မျက်နှာပြင်ကိုအနည်းငယ်လောက် ကွေးနိုင်/ခေါက်နိုင်တာမျိုးမဟုတ်ဘဲ၊ လုံးဝအဆုံးထိ လိမ့်ခေါက်နိုင်မယ်ဆိုရင်တော့ Samsung နည်းပညာကို လုံးဝအလေးပြုရမှာပါ။

Samsung ရဲ့ ကိုရီးယားပြိုင်ဘက်ကုမ္ပဏီ LG အနေနဲ့လည်း G Flex နဲ့ G Flex 2 ဆိုတဲ့ မျက်နှာပြင်အကွေး ဖုန်းနှစ်မျိုးကို ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တို့မှာ ထုတ်ခဲ့ဖူးသလို၊ မကြာသေးခင်ကလည်း မျက်နှာပြင်ကို သတင်းစာတစ်စောင်လို လိမ့်ပစ်နိုင်တဲ့ တီဗီမျက်နှာပြင်တစ်ခုကို ထုတ်ဖော်ပြသခဲ့ဖူးပါတယ်။

Ref: Tech Radar

%d bloggers like this: