Sony မိုဘိုင်းဌာနမှာ ဝန်ထမ်း ၂,၀၀၀ လျော့ချမည်

Sony ဟာ မိုဘိုင်းဌာနကို ဖွဲ့စည်းပုံ ပြင်ဆင်ပြောင်းလဲတော့မှာ ဖြစ်ကြောင်း Nikkei Asian Review ရဲ့ အစီရင်ခံစာတခုမှာ ဖော်ပြထားပါတယ်။ ၂၀၂၀ ခုနှစ်မှာ Sony မိုဘိုင်းဌာနကို ဝန်ထမ်းအင်အား တဝက်တိတိ လျော့ချသွားမှာပါ။

အကယ်၍ ဝန်ထမ်းအင်အား တဝက်သာ လျော့ချပစ်မယ်ဆိုရင် အနည်းဆုံး လူ ၂,၀၀၀ လောက် အလုပ် ပြုတ် ဒါမှမဟုတ် Sony ဌာနအသစ်တခုကို ပြောင်းရမှာ ဖြစ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် Sony စမတ်ဖုန်းပရိတ်သတ်တွေအတွက်တော့ အားရစရာ သတင်းမဟုတ်ပါဘူး။ မနေ့ကလည်း တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာ ရှိတဲ့ Sony စက်ရုံတခုကို ပိတ်သိမ်းလိုက်ပြီ ဆိုတဲ့ သတင်းလည်း ထွက်လာပါသေးတယ်။

Nikkei Asian Review ရဲ့ သတင်းအစီရင်ခံစာမှာ အတွင်းသတင်းတွေကို ကိုးကားထားခြင်းတော့ မရှိပါဘူး။ ဒါပေမယ့် ဒီ သတင်းဌာနဟာ သတင်းအရင်းအမြစ် ခိုင်လုံ၊ စိတ်ချရတဲ့ သမိုင်းအစဉ်အလာတွေ ရှိတာကြောင့် ဖြစ်နိုင်ပါတယ်။

Sony ရဲ့ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ဝေစုကလည်း အခုနောက်ပိုင်းမှာ တော်တော်လေး ကျလာပါတယ်။ ၂၀၁၀ မှာ ဈေးကွက် ဝေစု ၃ ရာခိုင်နှုန်းကျော်ကနေ အခုဆို ၁ ရာခိုင်နှုန်းတောင် မရှိတော့ပါဘူး။ တရုတ်စမတ်ဖုန်းတွေနဲ့ ဈေးနှုန်းချင်း ယှဉ်ပြိုင်ရမှုတွေ တိုးတက်လာသလို Apple, Samsung, Huawei စတဲ့ ကမ္ဘာ့စမတ်ဖုန်းဈေးကွက် ဦးဆောင်ကုမ္ပဏီကြီးတွေနဲ့ ယှဉ်ပြိုင်ဖို့ ခက်ခဲနေပါပြီ။

ဂျပန်က Sony ဝန်ထမ်းတွေကတော့ ဌာနပြောင်းရမှာဖြစ်ပြီး၊ ဥရောပနဲ့ တရုတ်လုပ်ငန်းတွေက ဝန်ထမ်းတွေကိုတော့ ဆန္ဒအလျောက် အငြိမ်းစား ယူခွင့် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Sony ဟာ ၂၀၀၉ ခုနှစ်ကလည်း မိုဘိုင်းလုပ်ငန်းကနေ အလုပ်အကိုင်နေရာ ၁,၀၀၀ ကို လျော့ချပစ်ခဲ့သလို၊ ၂၀၁၅ မှာ နောက်တခါ အလုပ်အကိုင်နေရာ ၂,၀၀၀ ထပ်မံ လျော့ချခဲ့ပါသေးတယ်။

နောက်ပိုင်းမှာ Sony ဟာ အရှေ့တောင်အာရှမှာ စမတ်ဖုန်းရောင်းချမှုကို ကန့်သတ်သွားတော့မှာ ဖြစ်ပြီး၊ ဥရောပနဲ့ အရှေ့အာရှ ဈေးကွက်တွေကိုပဲ အာရုံစိုက်တော့မှာ ဖြစ်ပါတယ်။ တချိန်က Sony စမတ်ဖုန်း ပရိတ်သတ်တွေအတွက်တော့ စိတ်မကောင်းစရာပါပဲ။

Ref: Android Authority, Nikkei

Sony မိုဘိုင်းဌာနမှာ ဝန်ထမ်း ၂,၀၀၀ လျော့ချမည်

%d bloggers like this: