ကိုယ်ပိုင် VR Headset ထုတ်တော့မယ့် Valve

Valve က သောကြာညမှာ ကြိုတင်ကြေညာထားခြင်းမရှိဘဲ Virtual Reality Headset အသစ်တမျိုးကို အမြည်း မိတ်ဆက်လိုက်ပါတယ်။ Valve Index လို့ ခေါ်ပြီး Steam စာမျက်နှာတခုမှာပဲ ဖော်ပြထားတာပါ။ VR အတွက် နှစ်ရှည်လများ လက်တွဲလာတဲ့ HTC နဲ့ ပေါင်းထုတ်တဲ့ VR Headset မဟုတ်ဘဲ Valve ကိုယ်တိုင် ထုတ်မယ့် VR Headset ဖြစ်ပါတယ်။ Steam စာမျက်နှာမှာတော့ ၂၀၁၉ မေလ လောက် ထွက်မယ်လို့ ရေးထားတာကလွဲလို့ ကျန်တဲ့ အချက်အလက်တွေ တခုမှ မဖော်ပြထားသေးပါဘူး။

ဒါပေမယ့် အမြည်းဓာတ်ပုံမှာ ပြထားတဲ့ ဒီဇိုင်းကလည်း ရှင်းလင်းမှု ရှိသလို၊ အရင်က ထွက်ပေါ်ခဲ့တဲ့ ကောလာဟလတွေနဲ့ ပေါင်းစပ် စဉ်းစားမယ်ဆိုရင် Valve Index အကြောင်း အကြမ်းဖျဉ်းလောက်တော့ သိနိုင်ပါတယ်။ Index မှာ မြင်ကွင်းကျယ် ကင်မရာ လေးခု အနည်းဆုံး ပါရှိတာကြောင့် Oculus Quest နဲ့ ဒုတိယမျိုးဆက် VR Headset တွေလိုမျိုး Inside-out tracking ပါဝင်လာမှာ သေချာသလောက် ရှိပါတယ်။ Inside-out tracking ဆိုတာကတော့ VR ဆော့မယ့် အခန်းထဲမှာ အပြင်ကင်မရာတွေ တပ်ဆင်ပြီး တည်နေရာ သတ်မှတ်ထားခြင်း မရှိဘဲ အသုံးပြုသူအနေနဲ့ VR Headset ကပါတဲ့ ကင်မရာ Tracking စနစ်နဲ့ လွတ်လပ်စွာ လှုပ်ရှားအသုံးပြုနိုင်မယ့် နည်းပညာဖြစ်ပါတယ်။ မျက်လုံးအိမ်တခုနဲ့တခုရဲ့ အကွာအဝေး (Interpupillary Distance) ကို ချိန်လို့ရမယ့် ဆလိုက်ဒါတခုလည်း ပါဝင်တာ တွေ့ရပါတယ်။ ဒါပေမယ့် VR Headset တွေရဲ့ အဓိက Feature တခုဖြစ်တဲ့ PC ကြိုးတပ်လား သူ့ချည်း သုံးနိုင်တဲ့ Standalone အမျိုးအစားလားဆိုတာတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။

လွန်ခဲ့တဲ့ နိုဝင်ဘာက ထွက်ရှိထားတဲ့ သတင်းတွေအရ Valve ဟာ ၁၃၅ ဒီဂရီ မြင်နိုင်တဲ့ မြင်ကွင်းကျယ် ကိုယ်ပိုင် VR Headset တခုကို လုပ်နေကြောင်း သိရှိထားရပါတယ်။ ဒါ့အပြင် “Kunckles” လို့ အမည်ပေးထားတဲ့ တွဲဖက်ခလုတ်တွေ ထုတ်ဖို့လည်း လုပ်နေပါတယ်။

VR Headset ဈေးကွက်ဟာ တဖြည်းဖြည်း ကျယ်ပြန့်လာပြီး လာမယ့် နွေဦးပေါက်မှာလည်း HTC က Standalone အမျိုးအစားဖြစ်တဲ့ Quest နဲ့ Rift S တို့ကို မိတ်ဆက်ဖို့ ရှိပါတယ်။ HTC ကလည်း Focus Plus လို့ခေါ်တဲ့ လုပ်ငန်းနယ်ပယ်သုံး VR Headset တမျိုးကို မနေ့က မိတ်ဆက်ခဲ့ပါသေးတယ်။ Vive Cosmos Headset အသစ်ကိုလည်း ဒီနှစ် ဒါမှမဟုတ် နောက်နှစ်လောက်မှာ မြင်တွေ့ရဦးမှာပါ။

Valve ရဲ့ Index VR Headset ကို မေလမှာ မိတ်ဆက်မှာဆိုတော့ ဒီကြားထဲ Headset နဲ့ ပတ်သတ်တဲ့ နောက်ထပ် သတင်းတွေ ဆက်လက်ကြားသိရဦးမှာပါ။

Ref: Engadget, The Verge

ကိုယ်ပိုင် VR Headset ထုတ်တော့မယ့် Valve

%d bloggers like this: