AirPower ထုတ်တော့မှာ မဟုတ်ကြောင်း Apple ပြောကြား

Apple ဟာ AirPower ကြိုးမဲ့အားသွင်းပြားကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလကတည်းက မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ၁ နှစ်ခွဲလောက် ကြာမြင့်ခဲ့သည့်တိုင် AirPower ကို ထုတ်လုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။ အခု နောက်ဆုံးမှာတော့ AirPower ထုတ်ကုန်ကို လုံးဝ လက်လျော့လိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာလိုက်ပါတယ်။ AirPower ကို ကုမ္ပဏီက လိုချင်တဲ့ “အမြင့်စားစံချိန်စံနှုန်း” တွေနဲ့ မီအောင် ထုတ်ဖို့ရာ အခက်အခဲ ရှိတာကြောင့် လုံးဝ မထုတ်တော့တာ ဖြစ်တယ်လို့ TechCrunch ကို ပြောကြားခဲ့ပါတယ်။

“အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် AirPower ဟာ ကျနော်တို့ရဲ့ မြင့်မားတဲ့ စံချိန်စံနှုန်းတွေကို မပြည့်မီနိုင်ကြောင်း ဆုံးဖြတ်ချက်ချခဲ့ပြီး၊ ဒီပရောဂျက်တခုလုံးကို ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ AirPower ထွက်လာမယ့် အချိန်ကို စိတ်ဝင်တစား စောင့်မျှော်နေကြတဲ့ Customer တွေကို အနူးအညွတ် တောင်းပန်အပ်ပါတယ်။ ကြိုးမဲ့စနစ်ဟာ အနာဂတ်ဖြစ်တယ်ဆိုတာကို ကျနော်တို့ ယုံကြည်မြဲ ဖြစ်ပြီး၊ ကြိုးမဲ့နည်းပညာအသုံးပြုမှု အတွေ့အကြုံကို ထပ်မံ တိုးတက်လာအောင် ဆက်လက်ကြိုးစားသွားမှာပါ။” လို့ Apple Hardware Engineering ရဲ့ SVP Dan Riccico က သတင်းထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

Apple ဟာ AirPower ကြိုးမဲ့အားသွင်းပြားကို ၂၀၁၇၊ စက်တင်ဘာမှာ iPhone X စတင် မိတ်ဆက်တုန်းက တပြိုင်တည်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ Apple Watch, AirPod နားကြပ်နဲ့ iPhone သုံးခုလုံးကို တပြိုင်တည်း အားတင် သွင်းနိုင်တဲ့ ကြိုးမဲ့အားသွင်းပြားဖြစ်တယ်ဆိုပြီး ကြေညာခဲ့တာ ဖြစ်ပါတယ်။ အားသွင်းကွိုင် အများအပြားကို ပေါင်းစပ် အသုံးပြုထားတဲ့ ကိုယ်ပိုင်နည်းပညာကြောင့် အားသွင်းပြားပေါ်မှာ အားဝင်တဲ့ နေရာ ရှာနေစရာမလိုဘဲ ကြိုက်တဲ့ နေရာ တင်သုံးနိုင်တဲ့ ထုတ်ကုန်တခု ဖြစ်ပါတယ်။ AirPower ပေါ်တင်ထားတဲ့ Device သုံးခုလုံးရဲ့ အားသွင်းမှုကိုလည်း iPhone ပေါ်မှာ တခါတည်း ဖော်ပြနိုင်မယ့် Software နဲ့ ဖြစ်ပါတယ်။

ဒါပေမယ့် မိတ်ဆက်ပြီးနောက်မှာ တကယ်မထုတ်နိုင်ခဲ့ဘဲ ထုတ်လုပ်မှုပိုင်းဆိုင်ရာ အခက်အခဲတွေ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အထူးသဖြင့် အပူလွန်ကဲတဲ့ ပြဿနာတွေ ရှိနေတယ်ဆိုပြီး သတင်းတွေ ထွက်ခဲ့တာပါ။ ဒါပေမယ့် Apple က AirPods အသစ်တွေရဲ့ ဘူးမှာတောင် AirPower ပုံ ဖော်ပြခဲ့တာကြောင့် တကယ်ထွက်လာနိုင်တယ်ဆိုပြီး မျှော်လင့်ခဲ့ကြပါသေးတယ်။ အခုတော့..အားလုံး…ရေစုန်မျောသွားခဲ့ပါပြီ။

Ref: The Verge

AirPower ထုတ်တော့မှာ မဟုတ်ကြောင်း Apple ပြောကြား

%d bloggers like this: