ကမ္ဘာ့ storage အများဆုံး 256GB ဆံ့ microSD ကတ်ကို Samsung စတင်ထုတ်လုပ်

Hard Disk တစ်လုံးရဲ့ storage ပမာဏလောက်ရှိတဲ့ microSD ကတ်တစ်ကတ် ကိုင်ချင်ပါသလား။

အခုဆိုရင် Samsung ကမ္ဘာ့ storage အများဆုံး EVO Plus 256GB microSD ကတ်ကို လာမယ့် ဂျွန်လထဲ ဖြန့်ချိတော့မှာဖြစ်ပါတယ်။

LG ဟာ G5 ဖုန်းမှာ microSD ကတ် 2TB အထိ support လုပ်ပေးကြောင်း ကြေငြာခဲ့တာ မှတ်မိမှာပေ့ါ။ ဒါပေမယ့် လက်ရှိဈေးကွက်ထဲမှာ SanDisk ရဲ့ 200GB ဆံ့ microSD ကတ်က အများဆုံးဖြစ်ပြီး၊ 2TB microSD ကတ်ဟာ ဈေးကွက်ဝင်ထုတ်လုပ်နိုင်တဲ့အခြေအနေမှာမရှိသေးတာကြောင့်၊ အခုဆိုရင် Samsung ကတ်က အများဆုံးစံချိန်ကို ရယူလိုက်တာဖြစ်ပါတယ်။

Samsung က ထုတ်လုပ်လိုက်တဲ့ UHS-1 အမျိုးအစားဝင် EVO Plus microSD ကတ်ဟာ storage ပမာဏ 256GB အထိဆံ့သလို၊ Samsung ရဲ့ V-NAND နည်းပညာကိုအသုံးပြုထားတာကြောင့် read/write speed က တစ်စက္ကန့်ကို 95/90 MB နှုန်းလောက်အထိ ရှိပါတယ်။

Samsung ရဲ့ ပြောကြားချက်အရ၊ ဒီပလတ်စတစ်ပြားလေးထဲမှာ အရည်အသွေးမြင့်ဓာတ်ပုံပေါင်း ၅၅၂၀၀၊ 4K ဗီဒီယို ၁၂ နာရီစာ သိမ်းထားနိုင်ပြီး၊ MP3 အပုဒ်ရေ ၂၃၅၀၀ အထိ ဆံ့တယ်လို့ သိရပါတယ်။

အာမခံသက်တမ်း ၁၀ နှစ်အထိ ပါဝင်လာပြီး၊ ရေစိုခံ၊ အပူချိန်ခံ၊ X-ray ခံ တဲ့အပြင်၊ သံလိုက်ဒဏ်ပါ ခံနိုင်ရည်ရှိတယ်လို့ သိရပါတယ်။

Samsung ဟာ အခုလို HDD တန်းဝင် microSD ကတ်တွေကို ထုတ်လုပ်ဖို့အတွက် ဖေဖော်ဝါရီလလောက် ကတည်းက ကြိုးပမ်းခဲ့တာဖြစ်ပြီး၊ ယခု အမှန်တကယ်ထွက်ရှိလာတာဖြစ်ပါတယ်။

ဒီကတ်ကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့၊ HDD တစ်လုံးစာထက်ပိုပေးရမှာဖြစ်ပြီး၊ လက်လီဈေး ၂၄၉ ဒေါ်လာ လောက်ရှိပါတယ်။

Ref: Tech Radar, Samsung

%d bloggers like this: