တောင်ကိုရီးယားက စက်ရုပ်ပြတိုက်ကို စက်ရုပ်များနဲ့ တည်ဆောက်မည်

စက်ရုပ်တွေဟာ လူသားတွေကို လက်ရှိမှာ အကျိုးပြုနေကြပါတယ်။ ဒါပေမယ့်လည်း အနာဂတ်မှာ စက်ရုပ်များဟာ လူသားမျိုးနွယ်စုကို ဖျက်ဆီးမယ်ဆိုတဲ့ အယူအဆများလည်း ရှိနေပါတယ်။ ဘယ်လိုပဲပြောပြော လက်ရှိမှာတော့ စက်ရုပ်များက အသုံးဝင်နေပါတယ်။ အစားအစာ ချက်ပြုတ်ပေးတဲ့ စက်ရုပ်၊ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ပေးတဲ့ စက်ရုပ်၊ အဆောက်အဦး တည်ဆောက်ပေးတဲ့ စက်ရုပ် စသဖြင့် စက်ရုပ်များစွာကို မြင်ခဲ့ကြပြီးပါပြီ။

အခုတော့ တောင်ကိုရီးယားက စက်ရုပ်များနဲ့ ပြတိုက်တစ်ခုကို တည်ဆောက်တော့မှာပါ။ ပြတိုက်ကလည်း စက်ရုပ်ပြတိုက် ဖြစ်ပါတယ်။ ဉာဏ်ရည်တု နည်းပညာနဲ့ စက်ရုပ်များ အကြောင်းကို လူတွေ သိနားလည်စေဖို့ ရည်ရွယ်တည်ဆောက်တာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာ ပထမဆုံး ပြခန်းကို ပြသဖို့နဲ့ ၂၀၂၂ ခုနှစ်မှာ ပြတိုက်ကို အပြီး တည်ဆောက်ဖို့ ရည်မှန်းထားပါတယ်။

သိပ္ပံဆန်ဆန် နည်းပညာမြင့် အဆောက်အဦးများကို တည်ဆောက်နေတဲ့ တူရကီ ဗိသုကာ ကုမ္ပဏီ Melike Altinisik Architects (MAA) က သူ့ကို တည်ဆောက်မှာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ စက်ရုပ်များနဲ့ အဆောက်အဦးများကို တည်ဆောက်တဲ့ နည်းပညာမှာ ခေတ်ရှေ့ပြေးနေပါတယ်။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မှ စတုရန်းပေ ၈၀၀၀ လောက် ကျယ်ဝန်းတဲ့ တည်နေရာမှာ ပြတိုက်ကို တည်ဆောက်မှာ ဖြစ်ပါတယ်။ ပြတိုက် အမည်က Robot Science Museum ဖြစ်ပါတယ်။ ပြတိုက်မှာ ဘယ်လို စက်ရုပ်များကို ပြသမလဲ ဆိုတာ မသိရသေးပါဘူး။

တည်ဆောက်ရေးမှာ လူသားတွေ အနည်းငယ် ပါဝင်မှာ ဖြစ်ပေမယ့် အများစုကို စက်ရုပ်များက တည်ဆောက်မှာ ဖြစ်ပါတယ်။ မတူညီတဲ့ စွမ်းရည်များ ရှိတဲ့ စက်ရုပ် အုပ်စုများဖြင့်တည်ဆောက်မှာပါ။ ဒရုန်း စက်ရုပ်များက တည်ဆောက်ရေး လုပ်ငန်းခွင်အား တိုင်းတာ တွက်ချက်ခြင်း၊ ပစ္စည်းများကို သယ်ဆောင်ခြင်းများကို ပြုလုပ်မှာ ဖြစ်ပါတယ်။ ဂဟေဆက်တဲ့ စက်ရုပ်၊ ကွန်ကရစ်များကို 3D Print ထုတ်ပေးတဲ့ စက်ရုပ် စသဖြင့် စွမ်းရည်များ ကွဲပြားကြပါတယ်။

Ref : digitaltrends

တောင်ကိုရီးယားက စက်ရုပ်ပြတိုက်ကို စက်ရုပ်များနဲ့ တည်ဆောက်မည်

%d bloggers like this: