ရုံးသုံး တန်ဖိုးနည်း Chromebook အသစ်ကို Lenovo မိတ်ဆက်

ရုံးသုံးလက်ပ်တော့ ဈေးကွက်ထဲမှာ Lenovo ဟာ နာမည်ရပြီးသား ကုမ္ပဏီတခု ဖြစ်ပါတယ်။ ယခု တပတ် ကျင်းပပြုလုပ်နေတဲ့ MWC ပွဲမှာ Lenovo က 14e Chromebook Enterprise ဆိုတဲ့ လက်ပ်တော့ မော်ဒယ်အသစ်ကို မိတ်ဆက်သွားခဲ့ပါတယ်။ တန်ဖိုးနည်းနည်းနဲ့ မာကျောမှု ရှိအောင် အဓိကထား ထုတ်လုပ်ထားတဲ့ Chromebook တလုံးဖြစ်ပြီး၊ AMD Processor သုံး ပထမဆုံး Lenovo Chromebook လည်း ဖြစ်ပါတယ်။

Lenovo 14e Chromebook Enterprise ဟာ ရုံးသုံးလုပ်ငန်းတွေ လောက်ပဲ လုပ်ဆောင်ဖို့ ရည်ရွယ် ထုတ်လုပ်ထားတဲ့ စွမ်းဆောင်ရည်နိမ့် လက်ပ်တော့တလုံး ဖြစ်ပြီး၊ တန်ဖိုး ၂၇၉ ဒေါ်လာပဲ ရှိပါတယ်။ အမေရိကန်နိုင်ငံတွင်း ဝယ်ယူရရှိနိုင်ပါပြီ။

တန်ဖိုးနည်း Chromebook ဆိုပေမယ့် ၁၄ လက်မအရွယ် FHD IPS LCD Display ကို အသုံးပြုပေးထားပြီး၊ ဘေးဘောင်တွေလည်း သိသိသာသာ ကျဉ်းမြောင်းတာ တွေ့ရပါတယ်။ ၁၀ နာရီ အထိ အသုံးခံတဲ့ 57Wh ဘက်ထရီလည်း ပါဝင်မှာပါ။ USB-C Ports နှစ်ခုပါရှိပြီး၊ Port တခုကနေ အားသွင်းရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သာမန် USB-A Ports နှစ်ခု၊ microSD ကတ် Slot တခုနဲ့ Audio ဂျက်ပင်ပေါက်တို့လည်း ပါရှိပါတယ်။

2.5 GHz မြန်နှုန်းရှိတဲ့ Dual-core AMD A4 Processor ကို အသုံးပြုထားကာ 8GB RAM ပါရှိမှာပါ။ ဒီဈေးဝန်းကျင်လက်ပ်တော့အနေနဲ့ မဆိုးဘူးလို့ ပြောလို့ရပါတယ်။ Chromebook ဖြစ်တာနဲ့ အညီ Storage တော့ များများစားစာ ပါရှိမှာမဟုတ်ဘဲ 64GB eMMC Storage ကိုပဲ သုံးပေးထားပါတယ်။ လက်ပ်တော့ကိုယ်ထည်ကို အလူမီနီယမ်နဲ့ ပြုလုပ်ထားတာကလည်း သဘောတွေ့စရာ အချက်တခုပါ။ အလေးချိန် ၃.၂၇ ပေါင် ရှိပါတယ်။ Wi-Fi 802.11ac နဲ့ Bluetooth v4.2 တို့လည်း အသုံးပြုနိုင်မှာပါ။

Lenovo 14e Chromebook Enterprise ကို မတ်လအတွင်း Windows 10 ဗားရှင်း မော်ဒယ်ကွဲနဲ့အတူ စတင် ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref: 9to5Google

ရုံးသုံး တန်ဖိုးနည်း Chromebook အသစ်ကို Lenovo မိတ်ဆက်

%d bloggers like this: