Dislike ခလုတ်ကို လက်နက်သဖွယ် အသုံးပြုနေမှုကို ရပ်တန့်စေချင်တဲ့ YouTube

YouTube မှာ ဗီဒီယိုတခုခုကို ဝိုင်းပြီး Dislike လုပ်ကြတာမျိုးက အဆန်းတကြယ်တော့ မဟုတ်ပါဘူး။ YouTube 2018 Rewind ဗီဒီယို ကြည့်လိုက်ရသူတွေ ပိုသိမှာပါ။ ဒါပေမယ့် YouTube Product Team က ဒီ “ပြဿနာ” ကို ကိုင်တွယ်နိုင်မယ့် နည်းလမ်းတခုကို ဖော်ဆောင်နေပါပြီ။ YouTube ပေါ်မှာ Content ဖန်တီးသူတွေအတွက် ထုတ်ပြန်ခဲ့တဲ့ Creator Insider မှာ ပါလာတာပါ။

YouTube က “စိတ်ဆိုးနေတဲ့ Dislike လူအုပ်ကြီး” ဆိုတာ ဖန်တီးသူ ဒါမှမဟုတ် ဗီဒီယို အကြောင်းအရာတခုကို သဘောမကျတာကြောင့် ဗီဒီယိုထိခိုက်အောင် ဝိုင်းပြီး Negative action လုပ်ကြတာပါ။ Video ထဲက အကြောင်းအရာနဲ့ မသက်ဆိုင်ဘဲနဲ့ ကုမ္ပဏီ ဒါမှမဟုတ် ဖန်တီးသူတယောက်ကို သဘောမကျလို့ Dislike ဝိုင်းလုပ်ကြတာတွေ ရှိပါတယ်။ Creators တော်တော်များများကလည်း ဒီအကြောင်း ထုတ်ပြောဖူးကြပါတယ်။ ကိန်းဂဏန်းအချက်အလက်တွေအရဆိုရင် Dislike အရေအတွက်က Like အရေအတွက်ထက် ပိုများတဲ့ ဗီဒီယိုတခုဆိုရင် YouTube က recommend ပြပေးဖို့ ရာခိုင်နှုန်း ပိုနည်းပါတယ်။ တနည်းအားဖြင့် သက်ဆိုင်ရာ ချန်နယ်ရဲ့ ကြော်ငြာဝင်ငွေလည်း ထိခိုက်မှုရှိတာပေါ့။

ဒါကြောင့် ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို YouTube က စဉ်းစားနေပါတယ်။ ဘယ်နည်းက ပိုထိရောက်မလဲဆိုတာ မသိသေးသလို၊ တခုမှ မထိရောက်ဘူးဆိုရင် နောက်ထပ် အိုင်ဒီယာသစ်တွေ ထပ်စဉ်းစားသွားမယ်လို့ Product Team ရဲ့ ဒါရိုက်တာဖြစ်သူ Tom Leung က ပြောကြားပါတယ်။

လောလောဆည်မှာတော့ Like တွေ Dislike နံပါတ်တွေ မမြင်ချင်ဘူးဆိုရင် သွားဖျောက်ထားလို့ ရပါတယ်။ ဒါပေမယ့် ပြဿနာက ဗီဒီယိုတခုက Like တွေ များနေရင်၊ ကောင်းလွန်းနေရင်လည်း နစ်နာတာပါ။ ဒီအချက်အလက်တွေဟာ Creators တွေအတွက် တော်တော်အရေးကြီးပါတယ်။ ဒီတော့ နောက်နည်းလမ်းတခုက Dislike လုပ်တော့မယ်ဆိုရင် ဘာကြောင့် လုပ်ရလဲဆိုတာ အမှန်ခြစ်ဘောက် ရွေးပေးရမှာပါ။ ဒါဆိုရင်တော့ Creator ကလည်း ဘာကြောင့် Dislike များလဲ ဆိုတာ ပိုသိနိုင်ပါတယ်။ ပေးမယ့်လူတွေလည်း တဆင့်ပိုလုပ်ရတော့ တကယ် Dislike ဖြစ်မှ လုပ်မိမှာပါ။ ဒါပေမယ့် ဒီနည်းမှာလည်း ရရှိလာတဲ့ အချက်အလက်တွေကို ရယူသိမ်းဆည်း၊ စိစစ်ပြီး Creator တွေကို ပြန်တင်ပြဖို့ မလွယ်ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် နောက်ဆုံးနည်းလမ်းကတော့ အကြမ်းဆုံး Option ပါ။ Dislike အရေအတွက် ဒါမှမဟုတ် ခလုတ်ကို လုံးဝ ဖြုတ်ပစ်လိုက်မှာပါ။ ဒါပေမယ့် ဒါကလည်း သိတဲ့အတိုင်း ရှော့ရှိပါတယ်။ နည်းနည်းလည်း မဖြစ်နိုင်ဘူးထင်ပါတယ်။

ဒီနည်းလမ်းတွေ အားလုံးဟာ အားနည်းချက်လေးတွေရှိတဲ့အတွက် Leung က ပရိတ်သတ်ဆီကပဲ အကူအညီ တောင်းထားပါတယ်။ ဓမ္မဓိဠာန် ကျကျ ဖြေရှင်းနိုင်မယ့် နည်းလမ်းကို စဉ်းစားပေးလို့ရပါတယ်။ ဒီ ပြောင်းလဲမှုတွေက လက်ရှိအခြေအနေထက် ဘာမှ ထူးခြားကောင်းမွန်မှုမရှိဘူးဆိုရင်တော့ ဒီတိုင်းပဲ ဆက်ထားပါလိမ့်မယ်။

YouTube dislike ပြဿနာဟာ သိပ်အဆိုးရွားကြီး မဟုတ်ပေမယ့် Dislike အရေအတွက် ထောင်တက်သွားတာဟာ ဗီဒီယိုတခုရဲ့ Recommendation ပေါ်မယ့် အရေအတွက်ကို လျော့ကျစေနိုင်သလို၊ ဗီဒီယိုကြည့်ရှုမှု အရေအတွက်လည်း ကျဆင်းနိုင်ပါတယ်။ YouTube က မဖြေရှင်းဘူးဆိုရင် Creator တွေလည်း အငြင်းပွားဖွယ်အကြောင်းအရာတခုအကြောင်း ဗီဒီယိုတွေ လုပ်ဖို့ လက်တွန့်နေကြတော့မှာဖြစ်တဲ့အတွက်  ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ကုမ္ပဏီအတွင်း ဝိုင်းစဉ်းစားနေကြတယ်လို့ သိရပါတယ်။

Ref: Engadget

Dislike ခလုတ်ကို လက်နက်သဖွယ် အသုံးပြုနေမှုကို ရပ်တန့်စေချင်တဲ့ YouTube

%d bloggers like this: