၂၀၂၃ ခုနှစ်မှာ စတင် စီးနင်းနိုင်တောမယ့် Uber မိုးပျံတက္ကစီ

ရှေ့လာမယ့် နှစ်အနည်းငယ်အတွင်းမှာ Blade Runner ရုပ်ရှင်စီးရီးထဲကလို မိုးပျံကားတွေကို ကောင်းကင်ယံမှာ အမှန်တကယ် မြင်တွေ့လာရတော့မှာပါ။

Uber အငှားယာဉ်ကုမ္ပဏီရဲ့ ဌာနအသစ်တခုဖြစ်တဲ့ Uber Elevate ဟာ ဒေါင်လိုက် အဆင်းအတက် ပြုလုပ်နိုင်ပြီး၊ မြို့ကြီးတွေကို ပျံသန်း ပြေးဆွဲမယ့် လျှပ်စစ်စွမ်းအင်သုံး မိုးပျံယာဉ်တစီးကို ဖန်တီးထုတ်လုပ်လျက် ရှိပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း လော့စ်အိန်ဂျယ်လိစ်နဲ့ ဒါးလက်စ်မြို့တွေမှာ စတင် စမ်းသပ်သွားမှာ ဖြစ်တယ်လို့ The Times သတင်းဌာနကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Uber မိုးပျံအငှားယာဉ်မှာ ခရီးသည်လေးဦးနဲ့ လေယာဉ်မောင်းတဦးတို့ လိုက်ပါ စီးနင်းနိုင်ပါတယ်။ ၂၀၂၈ ခုနှစ် ရောက်ရင်တော့ ယာဉ်မောင်း မပါဝင်တော့ဘဲ အလိုအလျောက် မောင်းနှင်နိုင်ဖို့ ရှိတယ်လို့ Uber က ဆိုပါတယ်။

NASA မှာ ၃၂ နှစ်တိုင် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ Uber Elevate ရဲ့ အင်ဂျင်နီယာမှူးဖြစ်သူ Mark Moore က

“ယာဉ်ကြော ပိတ်ဆို့မှုတွေကို ဖြေရှင်းနိုင်မယ့် ကောင်းကင်အဝေးပြေးလမ်းမ (Virtual Highways) တွေကို 3D ပုံရိပ်ဖော် နည်းပညာနဲ့ ကျနော်တို့ ဖန်တီး နေပါတယ်။ ဒါတွေအကုန်လုံးက မြန်မြန်ဆန်ဆန် အကောင်အထည် ပေါ်လာမှာပါ” လို့ ဆိုပါတယ်။

Uber မိုးပျံတက္ကစီ ဌားစီးဖို့အတွက် အဆင်ပြေချောမွေ့မှုရှိတဲ့ ဝန်ဆောင်မှုတမျိုးကိုလည်း ဖန်တီးနေတယ်လို့ Uber က ဆိုပါတယ်။ ခလုတ်တချက်နှိပ်လိုက်ရုံနဲ့ မိုးပျံတက္ကစီ ရှိရာ ဟယ်လီကော်ပတာကွင်းဆီကို Uber ကားတစီးက လာကြိုမှာဖြစ်ပြီး၊ မိုင်ပေါင်း ၆၀ အကွာအဝေးအထိ ကောင်းကင်လမ်းက သွားနိုင်ပါတယ်။ တဖက် ဟယ်လီကော်ပတာကွင်းကို ရောက်ရင် ခရီးသည် သွားလိုရာနေရာအတိအကျကို Uber ကားနဲ့ ပြန် ပို့ဆောင်ပေးမယ့် ဝန်ဆောင်မှုမျိုးပါ။ Uber မိုးပျံတက္ကစီကို ငှားစီးမယ်ဆိုရင်တော့ သာမန် Uber X ကား ငှားစီးတာထက် ၂၅ မိုင် အကွာအဝေးကို ဒေါ်လာ ၃၀ လောက် ပိုပေးရဖို့ ရှိပါတယ်။ ဒါပေမယ့် မိုးပျံတက္ကစီနဲ့ သွားမယ်ဆိုရင် ကားနဲ့ သွားရမယ့် ကြာချိန်ရဲ့ ၃ ပုံ ၁ ပုံ ပဲ ရှိပါတယ်။

ကားပါကင်ခေါင်မိုးတွေကို မိုးပျံတက္ကစီ အဆင်း၊အတက် လုပ်ဖို့ Helipad ကွင်းတွေ အဖြစ် ပြောင်းလဲဖို့ စီစဉ်ထားတာကြောင့် အခြေခံအဆောက်အအုံ အသစ်တွေ ထပ်ဆောက်ဖို့ အကုန်အကျ မများတော့ပါဘူး။ မြို့တမြို့မှာ မိုးပျံတက္ကစီ အစီး ၅၀ စတင် ထားရှိသွားမှာဖြစ်ကာ၊ နောက်ပိုင်းမှာ အစီးရေ ၃၀၀ အထိ တိုးချဲ့သွားဖို့ စီစဉ်ထားတယ်လို့ Uber က ဆိုပါတယ်။

Uber ဟာ မိုးပျံတက္ကစီကို ကိုယ်တိုင်ကိုယ်ကျ ထုတ်လုပ်သွားမှာတော့ မဟုတ်ပါဘူး။ မိတ်ဆက်ကုမ္ပဏီ ၅ ခုနဲ့ ပူးပေါင်း ထုတ်လုပ်သွားမှာပါ။ မိတ်ဖက်ကုမ္ပဏီတခုဖြစ်တဲ့ Bell ကလည်း မောင်းသူမဲ့ မိုးပျံယာဉ် ရှေ့ပြေးမော်ဒယ်တစီးကို ပြီးခဲ့တဲ့ CES 2019 မှာ ပြသသွားခဲ့ပါတယ်။

ဒါကြောင့် မကြာမီ နှစ်အနည်းငယ်အတွင်း တက္ကစီတွေကို ကျနော်တို့ ခေါင်းပေါ်မှာ စတင် မြင်တွေ့ရနိုင်ဖွယ် ရှိပါတယ်။

Ref: The Times

၂၀၂၃ ခုနှစ်မှာ စတင် စီးနင်းနိုင်တောမယ့် Uber မိုးပျံတက္ကစီ

%d bloggers like this: