PC ကနေ ဖုန်း SMS အဝင်အထွက် ပြုလုပ်နည်း

Android  ဖုန်းက SMS အဝင်၊ အထွက်တွေကို မည်သည့် ကွန်ပျူတာကနေ မဆို ပြုလုပ်နိုင်တာကို သင် သိပြီးပါပြီလား။ မသိသေးဘူးဆိုရင်တော့ ယခု နည်းလမ်းလေးက သင့်အတွက် အသုံးဝင်မှာပါ။

Google ဟာ ကွန်ပျူတာ Browser ကနေ SMS အဝင်အထွက် လုပ်နိုင်မယ့် Messages for Web ကို ဂျွန်လ ကုန်လောက်က ထုတ်ပေးခဲ့ပါတယ်။ Android ဖုန်းသုံးသူတွေအနေနဲ့ ဖုန်း လုံးဝ ကိုင်စရာ၊ ဖွင့်စရာမလိုဘဲ၊ SMS အလွယ်တကူ ဖတ်ရှု၊ ပေးပို့ နိုင်ဖို့ ဖြစ်ပါတယ်။

အသုံးပြုပုံကတော့

  • Google ရဲ့ ‘Messages’ App နောက်ဆုံးဗားရှင်း ဖုန်းထဲမှာ ရှိရပါမယ်။ Play Store ကနေ Download ရယူနိုင်ပါတယ် (https://play.google.com/store/apps/details?id=com.google.android.apps.messaging&hl=en)
  • ဖုန်းရဲ့ Default Messaging App ကို ‘Messages’ ပြောင်းထားပေးပါ
  • ကွန်ပျူတာ Browser ကနေ messages.android.com ကို သွားပါ
  • Desktop notification ပြဖို့ ပေါ်လာပါက Allow လုပ်ပေးလိုက်ပါ။ ဖုန်းမှာ SMS ဝင်လာရင် ကွန်ပျူတာမှာလည်း Noti တက်လာစေချင်တဲ့ သူတွေအတွက် ဖြစ်ပါတယ်။
  • App ရဲ့ အစက်သုံးစက်နဲ့ More options menu ကို ဝင်ပြီး၊ ‘Messages for web’ ဆိုတာကို ရွေးပေးပါ

  • ကွန်ပျူတာက QR Code ကို ဖုန်းနဲ့ Scan ဖတ်ပါ။
  • Remember this computer ကို ဖွင့်ပေးထားရင် နောက်တခါ Scan ထပ်ဖတ်စရာ မလိုတော့ပါဘူး
  • ဒီအဆင့် အားလုံး ပြီးဆုံးသွားပါက သင့်ဖုန်းက SMS တွေကို ကွန်ပျူတာ Browser မှာ Sync လုပ်ပြီး၊ မြင်တွေ့နိုင်ပြီ ဖြစ်ပါတယ်။

    Browser ကနေ SMS ပို့ချင်ရင်လည်း မိမိ ပို့လိုတဲ့ Contacts ကို ရွေးချယ်ပြီး၊ ဖုန်းအတိုင်း ပေးပို့ နိုင်ပါတယ်။ SMS အတွက် ကျသင့်ငွေကို ဖုန်းထဲက ဖြတ်မှာ ဖြစ်ပါတယ်။

    SIM ကတ်နှစ်ကတ် ထည့်ထားသူတွေအနေနဲ့လည်း ကြိုက်နှစ်သက်ရာ SIM ကတ်ကို ရွေးချယ် ပေးပို့နိုင်ပါတယ်။

    ဖုန်းရဲ့ မိုဘိုင်းဒေတာနဲ့ကော Wi-Fi နဲ့ပါ အလုပ်လုပ်ပါတယ်။ ဒေတာမကုန်ချင်ရင်တော့ Wi-Fi ချိတ်ထားနိုင်ပါတယ်။

    Microsoft ကလည်း Windows 10 အတွက် အလားတူ လုပ်ဆောင်ချက်မျိုး ထုတ်ပေးထားပြီး ဖြစ်ပါတယ်။ Windows 10 နောက်ဆုံးဗားရှင်း Your Phone App ကနေ အသုံးပြုနိုင်ပါတယ်။ Microsoft ရဲ့ Your Phone App ကတော့ ဖုန်းထဲမှာ နောက်ဆုံးရိုက်ထားတဲ့ ဓာတ်ပုံ ၂၅ ပုံအထိ မြင်နိုင်ပါတယ်။ ဒါပေမယ့် Microsoft နည်းလမ်းကို အသုံးပြုဖို့အတွက် Windows 10 နောက်ဆုံးဗားရှင်း ရှိဖို့ လိုအပ်သလို၊ ဖုန်းထဲမှာလည်း Microsoft Apps နဲ့ Your Phone Companion App တို့ လိုတာကြောင့် SMS အဝင်အထွက် လုပ်ဖို့ သက်သက်ဆိုရင် Google ရဲ့ Messages for Web က လတ်တလော အလွယ်ဆုံးနဲ့ အကောင်းဆုံး နည်းလမ်းပါပဲ။

    PC ကနေ ဖုန်း SMS အဝင်အထွက် ပြုလုပ်နည်း

    %d bloggers like this: