ASUS CEO ကုမ္ပဏီမှ နှုတ်ထွက်

ASUS မှာ CEO အဖြစ် အချိန်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ Jerry Shen တယောက် ကုမ္ပဏီမှ တရားဝင် နှုတ်ထွက်သွားပြီ ဖြစ်ပါတယ်။

Jerry Shen နှုတ်ထွက်မယ့် အကြောင်းကို ASUS က ယခုလ အစောပိုင်းကတည်းက ကြေညာထားခဲ့တာပါ။ မိုဘိုင်းကဏ္ဍမှာ Gamers တွေနဲ့ Power Users တွေကို အဓိက ဦးတည်သွားမယ့် ဗျူဟာနဲ့ တွဲဖက် CEO နှစ်ယောက် အုပ်ချုပ်မယ့် ASUS ရဲ့ ‘ ကော်ပိုရေးရှင်း အလုံးစုံ အသွင်ပြောင်းရေး’ အစီအစဉ် မတိုင်ခင်မှာ နှုတ်ထွက်သွားတာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ PC လုပ်ငန်းကို ဦးဆောင်နေတဲ့ SY Hsu နဲ့ သုံးစွဲသူ ဝန်ဆောင်မှု ကို ဦးဆောင်နေတဲ့ Samson Hu တို့က ASUS ကို တွဲဖက် ဦးဆောင်သွားမှာပါ။

Jerry Shen ဟာ ASUS မှာ ၁၁ နှစ်တိုင် CEO အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး၊ PadFone စီးရီး၊ Transformer စီးရီး၊ ZenBook စီးရီးနဲ့ ZenFone စီးရီးတို့ကို ဦးဆောင် ထုတ်လုပ်ခဲ့သူ ဖြစ်ပါတယ်။ Shen ဟာ ၂၀၀၆ မှာ Netbook တခေတ်ထစေခဲ့တဲ့ Eee PC ကို အဓိက ဖန်တီးသူအဖြစ် အသိအမှတ်ပြုခံရသူ တဦးလည်း ဖြစ်ပါတယ်။

Jerry Shen ဟာ ASUS ကနေ ထွက်ပြီး၊ AIoT startup ကုမ္ပဏီသစ်တခုဖြစ်တဲ့ iFast မှာ ဥက္ကဌနဲ့ CEO အဖြစ် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ Jerry Shen ကြောင့် iFast မှာ ASUS က ရှယ်ယာ ၃၀ ရာခိုင်နှုန်း ထည့်ဝင်သွားမှာ ဖြစ်ကာ၊ ရှေ့ပရောဂျက်တွေအတွက် အမေရိကန်ဒေါ်လာ ၃၂၄.၂၂ သန်း ပံ့ပို့သွားဖို့ ရှိတယ်လို့ သိရပါတယ်။ AIoT နယ်ပယ်ထဲသို့ ASUS အောင်မြင်စွာ ဝင်ရောက်နိုင်ဖို့ကိုလည်း အစွမ်းကုန် ကူညီသွားမှာဖြစ်ကြောင်း Shen က ပြောကြားခဲ့ပါတယ်။

Gamer တွေနဲ့ Power User တွေကို အဓိကထားမယ့် စမတ်ဖုန်းတွေ ထုတ်မယ့် ASUS အစီအစဉ်ကြောင့် ROG ဖုန်း မျိုးဆက်သစ်တွေကို ပိုမို မြင်တွေ့ရဖို့ ရှိပါတယ်။

Ref: Engadget

ASUS CEO ကုမ္ပဏီမှ တရားဝင် နှုတ်ထွက်

%d bloggers like this: