ဘောင်းဘီထဲမှာ မီးလောင်သွားတဲ့ iPhone XS Max

စမတ်ဖုန်း ဘက်ထရီ မီးလောင်မှု ဖြစ်ရပ်များထဲမှာ Samsung Galaxy Note 7 ဟာ အဆိုးရွားဆုံး ဖြစ်ခဲ့ပါတယ်။ အဲဒီ အတွက် ကုမ္ပဏီက ကမ္ဘာအဝန်းမှာ Note 7 များကို ပြန်လည် သိမ်းယူုခဲ့ရပါတယ်။ အခြား ကုမ္ပဏီများရဲ့ စမတ်ဖုန်းများလည်း မီးလောင်မှုများ ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမယ့်တစ်လုံးတစ်လေသာ ဖြစ်ပြီး အလုံးရေများစွာ မီးလောင်ခဲ့တာ မဟုတ်ပါဘူး။ ယခုနှစ် အစောပိုင်းမှာလည်း Las Vegas မှ စတိုးတစ်ခုမှာ iPhone 6S မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အခုလည်း အိုဟိုင်းအိုးမှ Josh Hillard ဆိုသူရဲ့ iPhone XS Max မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

အခင်း ဖြစ်ပွားတဲ့ နေ့ဟာ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ဖြစ်ပြီး Hillard ဟာ သူ့ ဘောင်းဘီရဲ့ အနောက်ဘက် အိတ်ကပ်ထဲမှာ ဖုန်းကို ထည့်ထားခဲ့တာ ဖြစ်ပါတယ်။ အလုပ်မှာ နေ့လည်စာ စားဖို့ အနားပေးချိန်မှာ သူ့ရဲ့ ဘောင်းဘီ အိတ်ထဲမှ iPhone XS Max ဟာ မီးခိုးတွေ ထွက်ပြီး မီးလောင်ခဲ့တာ ဖြစ်ပါတယ်။ အခန်းထဲမှာ အမျိုးသမီး လုပ်ဖော်ကိုင်ဖက် တစ်ဦး ရှိတဲ့ အတွက် သူဟာ အခြား အခန်းတစ်ခုထဲသွားပြီး ဘောင်းဘီကို လဲခဲ့ရတယ်လို့ သိရပါတယ်။ အလုပ်မှ အရာရှိတစ်ဦးက သူ့အော်သံကို ကြားခဲ့ပြီးနောက် မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ခဲ့ရပါတယ်။

အဲဒီ ညနေမှာပဲ Hillard ဟာ မီးလောင်သွားတဲ့ အိုင်ဖုန်းကို Apple Store ကို ယူသွားခဲ့ပါတယ်။ ဝန်ထမ်းက သူ့ကို မိနစ် ၂၀ လောက် မေးခွန်းများ မေးခဲ့ပါတယ်။ အဲဒီနောက်မှာ သူ့ဖုန်းကို ဝန်ထမ်းက ယူသွားခဲ့ပါတယ်။ သူဟာ မိနစ် ၄၀ လေက် ထပ်စောင့်ခဲ့ရပါတယ်။ အဲဒီနောက်မှာ သူ့ဖုန်းကို ဝန်ထမ်းက ပြန်ယူလာခဲ့ပြီး သူ့အား ဖုန်း အသစ် လဲလှယ်ပေးဖို့ အတွက် မီးလောင်သွားတဲ့ ဖုန်းကို အင်ဂျင်နီယာ အဖွဲ့ထံ ပို့ရမယ်လို့ ပြောပါတယ်။

Customer Service ကို မကြိုက်တဲ့ အတွက် သူဟာ ဖုန်းကို အိမ်ပြန်ယူသွားပြီး Apple Care ကို ဖုန်းဆက်ခဲ့ပါတယ်။ နောက်နေ့မှာတော့ သူ့ကို ဖုန်း အသစ်နဲ့ လဲပေးခဲ့ပါတယ်။ ဒါပေမယ့် သူက Customer Service ရဲ့ တုန့်ပြန်မှုကို မနှစ်သက်တာရယ်၊ မီးလောင်သွားတဲ့ အဝတ်အစားများအတွက် လျှော်ကြေးလိုချင်တာရယ်ကြောင့် Apple ကို တရားစွဲဖို့ စဉ်းစားနေပါတယ်။

Ref : digitaltrends

ဘောင်းဘီထဲမှာ မီးလောင်သွားတဲ့ iPhone XS Max

%d bloggers like this: