Skype Video Call တွေမှာ စာတန်း ထိုးပေးတော့မည်

Skype ကို တခြား Messaging Apps တွေနဲ့ ယှဉ်နိုင်ဖို့အတွက် ပြောင်းလဲမှုတွေ လုပ်နေတဲ့ Microsoft ဟာ ယနေ့မှာ အမိုက်စား လုပ်ဆောင်ချက်သစ်တခုကို ကြေညာလိုက်ပါတယ်။ Skype Video Call တွေမှာ အချိန်နဲ့ တပြေးညီ စာတန်းထိုးပေးမယ့် လုပ်ဆောင်ချက်ပါ။

ဒီဇင်ဘာ ၃ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းများနေ့မှာ ယခု လုပ်ဆောင်ချက်ကို စတင် ကြေညာလိုက်တာပါ။ Microsoft ဟာ ရှေ့ရက်ပိုင်းတုန်းကလည်း PowerPoint မှာ စာတန်းထိုးပေးမယ့် အလားတူ လုပ်ဆောင်ချက်ကို မိတ်ဆက်ခဲ့ပါသေးတယ်။ Feature နှစ်ခုစလုံးက Microsoft ရဲ့ AI နည်းပညာတွေကို အသုံးပြုထားတာဖြစ်ပြီး၊ အကြားအာရုံ မသန်စွမ်းသူတွေအတွက် ရည်ရွယ် ထုတ်ပေးထားတာပါ။ ဒါပေမယ့် အချိန်နဲ့ တပြေးညီ စာတန်းထိုးပေးမှာဆိုတော့ တဖက်က အင်္ဂလိပ်လို ပြောတာကို နားလည်အောင် မနည်းနားထောင်နေရတဲ့ ကျနော့်လို လူတွေအတွက်လည်း တော်တော် အသုံးတည့်မယ့် လုပ်ဆောင်ချက်ပါ။

Skype Audi & Video Call တွေမှာ စာတန်း ထိုးချင်ရင် Video ခေါ်နေတုန်း “more” ဒါမှမဟုတ် (+) ခလုတ်ကို နှိပ်ပြီး စာတန်း ဖော်နိုင်ပါတယ်။ ကရိကယ ထပ်မများချင်ရင် နောက် Video Call တွေမှာလည်း စာတန်းထိုးဖို့ကို Default option အနေနဲ့ ရွေးထားနိုင်ပါသေးတယ်။ တယောက်ချင်း ရော၊ အုပ်စုလိုက် Video Call တွေမှာပါ စာတန်း ထိုးခိုင်းနိုင်ပါတယ်။

Video Call ခေါ်နေတုန်းမှာ စာတန်းက အောက်နားမှာ အလိုလို Auto-scroll ကျလာမှာပါ။ စာတန်း မကွယ်စေချင်ဘူးဆိုရင် ဘေးဘက်ကို ပို့လို့လည်း ရပါတယ်။

Skype စာတန်းထိုး လုပ်ဆောင်ချက်ကို Android ၊ iOS ၊ Linux ၊ Mac နဲ့ Windows စတဲ့ Operating Systems အကုန်လုံးမှာ Skype version 8 ကနေ စတင် အသုံးပြုနိုင်မှာပါ။ ထွက်ရှိလာဖို့တော့ နည်းနည်း စောင့်ဆိုင်းရပါလိမ့်မယ်။

Microsoft ဟာ Skype မှာ ဘာသာစကား ၂၀ ကျော်ကို ဘာသာပြန်ပေးနိုင်အောင်လည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒီ Translations တွေကိုတော့ လာမယ့် ရက်သတ္တပတ်အတွင်း ရဖို့ ရှိပါတယ်။

Ref: The Verge, Skype Blog

Skype Video Call တွေမှာ စာတန်း ထိုးပေးတော့မည်

%d bloggers like this: