Starbucks Wi-Fi မှာ Porn ကြည့်မရအောင် ပိတ်သွားမည်

ဆိုင် Wi-Fi နဲ့ ညစ်ညမ်းဗီဒီယိုတွေ ကြည့်ကြတဲ့ စားသုံးသူတွေကြောင့် Starbucks ဟာ ဝေဖန်မှုတွေ တော်တော်ရင်ဆိုင်ခဲ့ရပါတယ်။ ၂၀၁၆ ခုနှစ်ကတည်းက Porn တွေ ကြည့်မရအောင် ပိတ်မယ် ပြောခဲ့ပေမယ့် McDonald’s ကပဲ ပိတ်နိုင်ခဲ့ပြီး Starbucks ကတော့ မပိတ်ခဲ့ပါဘူး။

ဒါပေမယ့် လာမယ့် ၂၀၁၉ ခုနှစ်ကစပြီးတော့ Starbucks သွားပြီး ဆိုင် Wi-Fi နဲ့ Porn သွားကြည့်လို့ ရတော့မှာ မဟုတ်ပါဘူး။

“ မည်သူမဆို လာရောက် အနားယူနိုင်တဲ့ လုံခြုံစိတ်ချမှုအပြည့် နေရာဖြစ်ဖို့အတွက် ကျနော်တို့ဆိုင်တွေမှာ ညစ်ညမ်းအကြောင်းအရာတွေ ကြည့်မရအောင် တားဆီးနိုင်မယ့် နည်းလမ်းတခုကို တွေ့ထားပြီး ပါပြီ။ လာမယ့် ၂၀၁၉ ထဲ U.S က ဆိုင်တွေမှာ စတင် အသုံးပြုသွားမှာပါ” လို့ Starbucks ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောကြားခဲ့ပါတယ်။

အကြောင်းအရာတွေကို စစ်ထုတ်မယ့် Content Filter က ဘယ်လိုမျိုးလဲ ဆိုတာကိုတော့ Starbucks က မပြောကြားခဲ့ပါဘူး။ ဒါပေမယ့် အကြိမ်ပေါင်းများစွာ စစ်ဆေးခဲ့ပြီး ဖြစ်ကာ၊ Porn မဟုတ်တဲ့ ဆိုဒ်တွေကို မှားယွင်း ပိတ်မိတာမျိုးလည်း မရှိဘူူးလို့တော့ ဆိုထားပါတယ်။

Porn ဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့အစည်းတခုဖြစ်တဲ့ Enough is Enough က အင်တာနက် Wi-Fi ကွန်ယက်တွေမှာ Content Filter တွေ သုံးဖို့အတွက် Starbucks အပါအဝင် တခြား စားသောက်ဆိုင်လုပ်ငန်းတွေကို နှစ်အတော်ကြာ ဖိအားပေးနေခဲ့တာပါ။ Enough is Enough ရဲ့ ဖိအားပေးမှုကြောင့် McDonald’s က သူ့ဆိုင်က Public Wi-Fi တွေမှာ Porn တွေ ပိတ်ပစ်ခဲ့ရပြီး ဖြစ်ပါတယ်။

အများသုံး Wi-Fi ကွန်ယက်တွေဟာ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူတွေနဲ့ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှုရှိသူတွေကို ဖိတ်ခေါ်နေတယ်လို့ Enough is Enough က ဆိုထားပါတယ်။

Starbucks Wi-Fi မှာ Porn ကြည့်မရအောင် ပိတ်သွားမည်

%d bloggers like this: